
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သူတွေအတွက် ရခိုင်ဒေသပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်လိုက်ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောမြိုနယ်၊ ကလောင်းဒုံ နတလကျေးရွာ၊ ပန်တောပြင် မွတ်ဆလင်ကျေးရွာ၊ ခုံတိုင်းကျေးရွာတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “တောင်ယာရှိတဲ့ မဝေးတဲ့နေရာမှာ စီစဉ်ထားပါတယ်။ နောက်တချက်ကတော့ ဒီမှာရှိတဲ့ရွာသားတွေရဲ့ ဆန္ဒအတိုင်း ပြန်လည် နေရာချထားရေး ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းနဲ့ပြောရရင် ဒီမှာ ပညာရေး၊ စီးပွားရေးအခက်အခဲဖြစ်နေတာတွေကို ဆောင်ရွက်ပေးမယ်။ ပညာရေးလက်လှမ်း မိအောင်ဆောင်ရွက်ပေးမယ်။ အရင်တုန်းက ၇၊ ၈ တန်း၊ ၉ တန်း ဆိုရင် ပညာမသင့်ခဲ့ရတာတွေ အခုဆက်သင်လို့ရအောင် ပညာတွေသင်ပေးမယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခုထက် လက်လှမ်းနီးအောင် ကျန်းမာရေးစောင့်ရှောက်မှုရအောင် အတက်နိုင်ဆောင် ရွက်ပေးမယ်”လို့ လောင်းဒုံး နတလဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။
ဒီစီမံကိန်းကို ပြည်ထောင်စုအစိုးရ ပြည်နယ်နဲ့တိုင်းအစိုးရတွေ ပြည်သူတွေ ပူးပေါင်းပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။
“မြေနေရာတွေကို ကျနော်တို့ သတ်မှတ်ပြီးပြီ အိမ်တွေကို ကောင်းကောင်းမွန်မွန် ဆောက်တော့မယ်။ တိုက်တွေလိုဟာမျိုးဆောက်တဲ့အတွက် လုံခြုံမှုလည်းရှိသွားတော့မယ်။ ပြီးခဲ့တဲ့ကာလတုန်းက လုံခြုံမှုမရှိဘူး။ အခု ဒီအနေအထားကိုစပြီး လုပ်ပါပြီဆိုကတည်းက လုံခြုံမှုကို အပြည့်အဝရသွားတော့မယ်။ ကျနော်တို့ညီကိုမောင်နှမတွေ လုံခြုံရေးအတွက်ကို ဘာမှမစိုးရိမ်နဲ့ ကိုယ့်အိမ်ကလည်းလုံလုံခြုံခြုံနဲ့ သွားရေလာရေးတွေကိုလည်း အကုန်အဆင်ပြေ ပြီးတော့ ဆက်သွယ်ရေးတွေလည်း အားလုံးကောင်းတော့မယ်လို့” ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပုက လောင်းဒုံး နတလကျေးရွာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာအခုပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့မှာ ARSA အကြမ်းဖက်အဖွဲ့က ခုံတိုင်ကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီရွာက နေအိမ် ၄၀ ကျော်ဆောက်လုပ်ဖို့ စတင်နေပြီဖြစ်ပါတယ်။
မနေ့က ခရီးစဉ်မှာတော့ လောင်ဒုံ နတလ ကျေးရွာ၊ ခုံတိုင်းကျေးရွာ၊ ပန်းတောပြင် မွတ်စလင်ကျေးရွာတွေကို သွားရောက်ခဲ့ပြီး ဆန်၊ ဆီ၊ ဆား၊ အာလူးစတဲ့ အခြေခံစားကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဒေသခံတွေ သွားလာရေးအဆင်ပြေချောမွေ့စေအောင် လမ်းတွေကို ဖောက်လုပ်ပြီး ဖြစ်နေသလို လုပ်သားလိုအပ်ချက်တွေကို ဒေသခံတွေက ပါဝင်ဆောင်ရွက်ပေးဖို့နဲ့ လုပ်အားခတွေကိုလည်း ပေးအပ်သွားမယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို











