DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ယနေ့ တရားရုံးထုတ်
DVB
·
October 16, 2017
Donate to DVB

ကလေးစစ်သားအဖြစ် ပြန်လည်လွတ်မြောက်လာပြီး မီဒီယာကို အင်တာဗျူးဖြေကြားလို့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒီနေ့ ဒဂုံဆိပ်ကမ်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူရဲ့အစ်မ မနေဇာထွန်းက ပြောပါတယ်။

“ဒီနေ့ စစ်တယ်ပေါ့နော်။ စစ်တဲ့အပေါ်မှာ အခု အမေးအဖြေက ဒီဗွီဒီယိုဖိုင်ကို ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်အောင်က ရုံးရှေ့မှာ ၂ ကြိမ်တိုင်တိုင် ဖွင့်ကြည့်ထားသော်လည်း သူ မမှတ်မိဘူးလို့ ပြောထားတဲ့အတွက် အခု နောက်တကြိမ် ထပ်ကြည့်ဖို့ကို မီးက ပျက်သွားတဲ့အတွက် ရုံးစစ်တာကို ခဏနားထားရတယ်။”

မီးပျက်ပြီးနောက် ညနေပိုင်းအထိ မီးပြန်မလာတဲ့အတွက် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်ရတယ်လို့ ကိုအောင်ကိုထွေးရဲရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။

“တရားလို ဆက်စစ်တဲ့အပေါ်မှာ အငြင်းပွားဖွယ်ရာ အကြောင်းအရာလေး တခု ပေါ်လာတယ်။ စွပ်စွဲခံရသူဘက်က တရားလိုဘက်ကတင်ပြထားတဲ့ RFA က ထုတ်လွှင့်ပါတယ်ဆိုတဲ့ အောင်ကိုထွေး ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ထုတ်လွှင့်ထားတဲ့ စီဒီဖိုင်ကို တရားခွင်မှာ ပြန်ပြီးထပ်မံပြသပြီး မေးခွန်းမေးမြန်းဖို့ပေါ့။ အဲဒီအဆင့်မှာ မီးက ပျက်သွားတယ်။ မီးပျက်တော့ ဖွင့်လို့မရတော့ဘူး။ ကျနော်တို့ မီးလာအောင်စောင့်တယ်။ ဒါပေမယ့် ဟိုးဘက်မှာ ဆီဘောက်ဆာ ကားမှောက်ပြီးတော့ ဓာတ်ကြိုးကို သွားတိုက်မိပြီး ဓာတ်ကြိုးပျက်သွားတယ်လို့ ပြောတယ်။ အဲတော့ မီးက မလာနိုင်တော့ဘူး။ မလာနိုင်တော့ အခု ရုံးချိန်း ပြန်ယူလိုက်တာပေါ့။”

ရုံးချိန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

အစောပိုင်းကတော့ သူ့အတွက် အာမခံလျှောက်ထားချက်ကို အောက်တိုဘာ ၂ ရက်နေ့မှာ အမိန့်ချဖို့ရှိခဲ့ပေမယ့် တရားသူကြီး အပြောင်းအလဲကြောင့် ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ အာမခံပေး၊ မပေး အမိန့်ချဖို့ စီစဉ်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း တရားသူကြီးသစ် ရောက်မလာသေးတာကြောင့် ဒီအမိန့် ဆက်မချရသေးဘဲ တွဲဘက်တရားသူကြီး ၁ ကပဲ အမှုကို ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလို့  မနေဇာထွန်းက ပြောပါတယ်။

ကိုအောင်ကိုထွေးကတော့ ဒီနေ့ချိန်ထိ သူ မတရားဖမ်းဆီးခံထားရတယ် ဆိုတဲ့အကြောင်း တပ်မတော်ဘက်က စစ်ဗိုလ်ချုပ်တွေက မတရားမှုတွေ လုပ်တာကို အခုချိန်ထိ ဝန်မခံသေးဘူးလို့ ရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရဖူးတဲ့ ကိုအောင်ကိုထွေးဟာ လွတ်လပ်တဲ့အာရှအသံ RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာကြောင့် သူ့ကို သြဂုတ်လ ၁၈ ရက်နေ့က  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013