DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများအား လိမ်လည်အလုပ်ရှာပေးသည့် ထိုင်းတဦး ဖမ်းဆီးခံရ
DVB
·
October 16, 2017
မြန်မာအလုပ်သမားများအား လိမ်လည်အလုပ်ရှာပေးသည့် ထိုင်းတဦး ဖမ်းဆီးခံရ
Donate to DVB

 

မြန်မာအလုပ်သမားတွေကို ထိုင်းမှာ အလုပ်သွင်းပေးမယ်ဆိုပြီး စက်ရုံအလုပ်ရုံလိပ်စာ အတုတွေနဲ့ လိမ်လည်ငွေကြေးကောက်ခံနေသူ ထိုင်းလူမျိုးတဦး ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာဘက်ခြမ်း ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ဘားအံသွား လမ်းမကြီးပေါ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ချန်နယ် ၇ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၅၀ နှစ်ရွယ်ရှိ နိုင်းပရကစ်နဲ့ ယာဉ်မောင်းသူ မြန်မာတဦးတို့ဟာ မြဝတီမှ ဘားအံကိုအသွား ကော့ကရိတ် - မြဝတီလမ်းပေါ်မှာ မြန်မာလဝက၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်ဆီးတာ ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ နိုင်းပရကစ်ဆိုသူမှာ မြန်မာပြည်ထဲက အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ အလုပ်သွင်းပေးမယ်ဆိုပြီး တကယ်မရှိတဲ့ စက်ရုံအလုပ်ရုံအမည် လိပ်စာအတုတွေ အသုံးပြုကာ အယုံသွင်းခဲ့ကြောင်း၊ အဲဒီနောက် လူတဦးလျှင် ဘတ်ငွေ ၂ သောင်းကျ ကောက်ခံကာ ဘန်ကောက်ကိုရောက်တဲ့အခါ အလုပ်သမားတွေကို အလုပ်ရုံမပို့ပေးဘဲ ဒီအတိုင်းပစ်ထားခဲ့ကြောင်း၊ နိုင်းပရကစ်ရဲ့ လိမ်ညာတာခံရလို့ နစ်နာဆုံးရှုံးရသူ မြန်မာအလုပ်သမားပေါင်း ၁၅၀ ကျော်ရှိတယ်လို့ ကနဦးသိရပြီး တာဝန်ရှိသူတွေက လိုအပ်သလို အရေးယူဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြဝတီရဲစခန်းနဲ့ ကော့ကရိတ်ရဲစခန်း တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းကတော့ အဖမ်းခံထားရတဲ့ အဲဒီထိုင်းလူမျိုးမှာ မြန်မာအလုပ်သမားတွေက သူ့ကို နိုင်းဖာခင်လို့ ခေါ်ဆိုပြီး သူအဖမ်းခံရတာလို့ သတင်းကြားသိတဲ့အတွက် အလိမ်ခံထားရတဲ့ အလုပ်သမားတွေထဲက ၁၁၇ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က မြဝတီဘက် ပြန်ဝင်လာကြပြီး သူ့ကိုအရေးယူပေးဖို့  တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ပို့ဆောင်ထားတဲ့ နိုင်းဖာခင်ဆိုတဲ့လူက အမ်အိုယူ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီးတော့မှ ပို့ချင်ရာပို့သွားလို့ မြန်မာအလုပ်သမားတွေ အလုပ်ပြုတ်ပြီး ဒုက္ခရောက်နေရတာ၊ ကျနော်တို့ အေအေစီရုံးမှာလည်း လာပြီးခိုလှုံတယ်၊ ထိုင်း မြန်မာသံရုံးမှာလည်း သွားပြီးခိုလှုံနေရတယ်။ သူ မြန်မာပြည်မှာ အဖမ်းခံရတာသိတော့ သူ့ကို တရားစွဲဖို့ မြဝတီပြန်လာခဲ့ကြတာ။ အဲဒီ နိုင်းဖာခင်က နောက်ထပ် အလုပ်သမားတွေကို စာချုပ်ချုပ်ဖို့ ဘားအံဘက်ကို သွားတဲ့အချိန် ပတ်စပို့စာအုပ်မပါဘဲနဲ့ ဘော်ဒါပတ်စ်နဲ့ပဲ သွားလို့ နယ်မြေကျော်ခိုးဝင်မှုနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ညက အဖမ်းခံရတယ်လို့ သိရတယ်။”

အလုပ်သမား ၁၁၇ ဦးကို ထိုင်းနိုင်ငံ ပို့ဆောင်ပေးဖို့ နိုင်းဖာခင် (နိုင်းပရကစ်) က ထိုင်းဘက်ခြမ်းမှ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ပေးရပြီး သူကိုယ်တိုင်လည်း အလုပ်ရှင်အဖြစ် နာမည်ခံခဲ့တာရှိကြောင်း၊ မြန်မာဘက်ခြမ်းမှာတော့ ရွှေစင်ကိုးပွင့်ကုမ္ပဏီက တာဝန်ယူကာ ဝန်ဆောင်ပေးခဲ့ကြောင်း၊ အလုပ်သမားတွေ ထိုင်းမှာ အဆင်မပြေဖြစ်ပြီး ပြန်လာရတဲ့အတွက် ရွှေစင်ကိုးပွင့်ကုမ္ပဏီက တာဝန်ယူတဲ့အနေနဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၃၆ သိန်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျောက်လုံးကြီး ကယ်ဆယ်ရေးစခန်းမှာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်းဖာခင်ရဲ့ လုပ်ဆောင်ချက်ကြောင့် ရွှေစင်ကိုးပွင့် ကုမ္ပဏီလည်း နာမည်ပျက်ရ၊ နစ်နာရလို့ သူ့ကို လိမ်လည်မှုနဲ့ မြဝတီရဲစခန်းမှာ အမှုဖွင့်ထားကြောင်း၊ အလားတူ အလုပ်သမားတွေလည်း လိမ်လည်မှုနဲ့ အမှုဖွင့်ခဲ့ကြောင်း၊ နိုင်းဖာခင်ကတော့ လောလောဆယ် မြဝတီမြို့နယ် ရဲစခန်းမှာ လဝကအက်ဥပဒေ ၁၃/၁ နဲ့ ဖမ်းဆီးခံထားရတယ်လို့  အလုပ်သမားတွေ နစ်နာကြေးရရေး၊ အမှုဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိုရဲမင်းက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013