
ရခိုင်ပြည်သူတွေအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှ အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ် မနေ့က ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
AHA Centre က ဦးစီးပြီး ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူတွေ အတွက် လူသားချင်းစာနာမှုအနေနဲ့ အကူအညီ ပေးတာဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနက ရခိုင်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ပြီး ဒီပစ္စည်းတွေကို အမြန်ဆုံးထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
AHA Centre က အမေရိကန် ဒေါ်လာ ၄ သိန်းခွဲလောက် (ကျပ်သိန်းပေါင်း ၆ ထောင်ကျော်) တန်ဖိုးရှိ မိသားစုသုံး ပစ္စည်းတွေဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေ၊ လျှပ်စစ် ဖြန့်ဖြူးရေးပစ္စည်းတွေ၊ မီးစက်အကြီးနှစ်လုံး၊ မီးစက် ဆက်စပ်ပစ္စည်းတွေ ပါဝင်ပါတယ်။
အောက်တိုဘာ ၁၃ ရက်တုန်းကလည်း အခုလို ကုန်တင်လေယာဉ်နဲ့ ပစ္စည်းတွေတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေတဲ့ ပစ္စည်းတွေကို ဆက်လက်ပို့ဆောင်တာလို့ ဆိုပါတယ်။
ဒီနေ့ရောက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ကုန်တင်ကားတွေနဲ့တင်ဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပို့ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူတွေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ အလှူငွေလက်ခံရေးဌာနတွေ ဖွင့်လှစ်ပြီး အလှူငွေတွေ လက်ခံပေးနေတယ်လို့ ဆိုပါတယ်။











