DVB Logo
Home
Lead Story
ကိုယ်စားလှယ် ဘာလုပ်
DVB
·
October 16, 2017
ကိုယ်စားလှယ် ဘာလုပ်
Donate to DVB

အစိုးရသက်တမ်း ၁ နှစ်ကျော် ကာလအတွင်းမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တချို့ဟာ ဘဝမေ့နေကြပြီလို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်က သတိပေး ပြောကြား ဆိုတဲ့သတင်း တလောက ထွက်လာတယ်။ ဒီမတိုင်မီမှာကတည်းက ကိုယ်စားလှယ်တွေဟာ သူတို့ ခုလို ရွေးကောက်ခံရတာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာကြောင့်ဆိုတာ မေ့ပြီး ဘဝင်မြင့်နေကြတယ်ဆိုတဲ့ သတင်း ကြားရတယ်။    တနိုင်ငံလုံးမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်ပေါင်း ၉၀၀ လောက် ရှိတာဆိုတော့ ဒီလိုသတင်းမျိုးတွေ ကြားရလိမ့်မယ်လို့ ကြိုမြင်ထားတာ။ ၁ နှစ်ကျော်မှ ခုလို သတင်းထွက်လာတာ တော်သေးရဲ့လို့ပဲ မှတ်ရမယ်။ ဒီကြားထဲမှာ လူမှုရေးဖောက်ပြန်တဲ့ ကိုယ်စားလှယ်သတင်းတွေလည်း ထွက်ပေါ်လာတာ ကြားကြားနေရပြီး မကွေးတိုင်းဝန်ကြီးချုပ် လုပ်သူက အစိုးရက မခိုးဘူး၊ မခိုးဘူးနဲ့ ခိုးမယ့်ခိုးတော့ သူများမယား ခိုးတယ်ဆိုပြီး အပြောခံရတယ်လို့ မီဒီယာကို ပေါက်ပေါက်မြောက်မြောက် ပြောတယ်။    လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ဘဝမေ့နေကြတာထက် ဆိုးတာက ကိုယ်စားလှယ်အလုပ် ကိုယ်စားလှယ်မလုပ်တာ ဖြစ်မယ်။

တိုင်းပြည်ထဲ ဒေသတခုခုမှာ အရေးအကြောင်းတခုခု ပေါ်ပြီဆိုရင် ပြည်ပအခြေစိုက် မီဒီယာတွေက ဒေသခံတွေကို ဖုန်းနဲ့ဆက်ပြီး အကျိုးအကြောင်းမေး သတင်းရေးကြရတယ်။ အရင်ခေတ်ကတော့ ဒေသခံ အန်အယ်လ်ဒီတွေဟာ အဲဒီမီဒီယာတွေရဲ့ အမာခံသတင်းပေးတွေဖြစ်ပြီး ပြည်ပအခြေစိုက် မီဒီယာတွေ သိပ်အားကိုးခဲ့ကြရတယ်။ တလောက ဒီဗွီဘီရုပ်သံမီဒီယာ ၂၅ နှစ်ပြည့် အခမ်းအနားတရပ် ရန်ကုန်မှာလုပ်တော့ ရုပ်သံတာဝန်ရှိသူက အဲဒီလို မီဒီယာကို ဆက်သွယ်ပြောဆိုသူတွေ ရှိခဲ့လို့ ဒီဗွီဘီဆိုတာ ရပ်တည်နိုင်ခဲ့တာဆိုပြီး ကျေးဇူးတင်ထိုက်တဲ့ လူပုဂ္ဂိုလ်နာမည်တွေပါ ထည့်ပြောသွားတယ်။ ဒီလိုနဲ့ ပြည်ပမီဒီယာတွေ အားကိုးခဲ့ရတဲ့ အန်အယ်လ်ဒီတွေ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့လည်း အရေးအကြောင်း ပေါ်ရင် သူတို့ဆီ ဆက်သွယ်ပြီး မေးမြန်း သတင်းထုတ်ရပြန်တယ်။ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ပြောဆိုသုံးသပ်တာဖြစ်လို့ သတင်းအတွက် ခိုင်မာမှန်ကန်ပြီး အားကောင်းတယ်။ ဒီနေရာမှာ ကိုယ်စားလှယ်တွေ ကိုယ်စားလှယ်အလုပ် လုပ်၊ မလုပ် ဆိုတာလည်း တနည်းနည်းနဲ့ ပေါ်တယ်။

ဥပမာတခုနဲ့စရရင် စစ်ကိုင်းတိုင်းထဲမှာ ၂၀၁၆ ခုနှစ်ထဲ စက်လှေနစ်ပြီး လူရာနဲ့ချီ ပျောက်ဆုံးခဲ့တုန်းက အဲဒီဒေသက တိုင်းအန်အယ်လ်ဒီ ကိုယ်စားလှယ်ကို မီဒီယာက ဆက်တယ်။ သူက သူ ကြားသိထားသမျှ အကုန်ပြောပြတဲ့အပြင် စက်လှေနစ်တဲ့ ကမ်းပါးမှာ တနေကုန် သွားထိုင်ကြည့်ပေးပြီး မီဒီယာတွေ မေးသမျှကို စိတ်ရှည်လက်ရှည် ထိုင်ဖြေပေးခဲ့တယ်။ သူ ရထားတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ မှတ်ထားပြီး မီဒီယာကို ပေးတယ်။ အဲဒီရက်အတောအတွင်း စက်လှေနစ်တဲ့သတင်း ရေးသားတင်ဆက်ကြတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို ကြည့်လိုက်ရင်လည်း အဲဒီ ကိုယ်စားလှယ် ပြောစကားတွေနဲ့ပဲ သတင်းထုတ်ခဲ့ကြတာ တွေ့ခဲ့ရတယ်။ ဒါ့အပြင် စက်လှေ ကုန်းပေါ်ပြန်ဆယ်ယူတဲ့အထိ သူ့ဖေ့စ်ဘွတ်ခ်ကနေ ရသမျှ အချက်အလက်တွေနဲ့ သတင်းဓာတ်ပုံတွေ တင်ပေးတာမျိုးလည်း လုပ်ပေးခဲ့တယ်။ တဖက်မှာလည်း စက်လှေနစ်တဲ့ထဲ ပါသွားတဲ့သူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို တွေ့ဆုံ အားပေးတာမျိုး၊ ထောက်ပံ့ကူညီတာမျိုးလည်း အဲဒီကိုယ်စားလှယ် လုပ်ခဲ့တယ်။

ရန်ကုန်မှာ ဝိုင်ဘီအက်စ်ဘတ်စ်ကားဆိုတာ ပြောင်းလဲ ပြေးဆွဲတော့ အစ ပထမရက်တွေမှာ တော်တော်လေး ဝေဖန်သံတွေထွက်ပြီး ဘတ်စ်ကားစီး ခရီးသည်တွေလည်း အတော်ဒုက္ခရောက်ခဲ့ကြတယ်။ မီဒီယာကတော့ ထုံးစံအတိုင်း အဆင်ပြေ၊ မပြေ လူထုဆီ သတင်းပေးနိုင်ဖို့ ခိုင်မာတိကျတဲ့ သတင်းရင်းမြစ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ဆက်သွယ်မေးရပြန်တယ်။ မြို့နယ်တခုက ကိုယ်စားလှယ်တယောက်ဆီ စဆက်သွယ်ကြည့်လိုက်တော့ သူက သူလည်း ခုမှ လမ်းပေါ်ထွက်ပြီး မေးမြန်းစုံစမ်းရဦးမယ် ဆိုတယ်။ သူ့မြို့နယ်ထဲ ဖြတ်သန်းမောင်းနှင်မယ့် ကားလိုင်း ဘယ်နှလိုင်းရှိသလဲလို့ မေးကြည့်တော့လည်း ယောင်ဝါးဝါးနဲ့ မဖြေနိုင်ဘူး။ ဒါနဲ့ နောက်တမြို့နယ်က ကိုယ်စားလှယ်တယောက်ဆီ ဆက်သွယ်မေးရပြန်တယ်။ ကိုယ်က အစပျိုးပြီး ယေဘုယျဆန်ဆန်ပဲ မေးကြည့်ရသေးတယ်။ ကိုယ်စားလှယ်က သူ မနက်က ကိုယ်တိုင်တွေ့ကြုံခဲ့ရတာ ဘယ်လို၊ ဘယ်နေရာမှာ လူတွေ စုပြုံနေပြီး ဘယ်နေရာမှာတော့ အဆင်ပြေနေ၊ သူ့မြို့နယ်ထဲ ဖြတ်သန်းသွားတဲ့ ကားလိုင်းက ဘယ်နှလိုင်းရှိပြီး ဘယ်လိုင်းတွေက မြို့ထဲရောက်ပေမယ့် ဘယ်လိုင်းကတော့ဖြင့် မြို့ထဲမရောက်လို့ နှစ်ဆင့် စီးနေကြရပုံ၊ အားနည်းချက် အားသာချက် လိုအပ်ချက် အကုန်သုံးသပ်ပြောသွားတယ်။

ဆိုလိုရင်းက ကိုယ်စားလှယ်တွေ ကိုယ်စားလှယ်အလုပ် လုပ်၊ မလုပ် ဆိုတာကို မီဒီယာတွေပေါ်မှာ ကြည့်ပြီး အကြောင်းအချက်တခုအနေနဲ့ ခန့်မှန်းကြည့်လို့ ရတယ်ဆိုတာပဲ ဖြစ်တယ်။ ကိုယ့်မြို့နယ်မှာ အရေးအကြောင်း တခုခုပေါ်လို့ နိုင်ငံခြားက ဆက်မေးမှ ဟုတ်လား၊ ကျနော် မသိသေးဘူး၊ သွားကြည့်လိုက်ဦးမယ်ဆိုတဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်။ မြို့နယ်လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တဦးမှန်ရင် အနိမ့်ဆုံးတော့ ကိုယ့်မြို့နယ်အကျိုး ကိုယ်လုပ်သင့်တယ်။    ကိုယ့်မြို့နယ်ထဲ ဘာတွေဖြစ်နေလဲ သိထားရမယ်။ ဒါမှ မြို့နေလူထု လိုအပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး အကောင်အထည်ဖော် လုပ်ပေးနိုင်မှာ ဖြစ်တယ်။    တချို့မြို့နယ်တွေမှာ လွှတ်တော်နားရက်ဆို အဲဒီမြို့နယ်က ကိုယ်စားလှယ်တွေအားလုံး စုပြီး မြို့နယ်ထဲ ကွင်းဆင်း၊ လူထုနဲ့တွေ့ဆုံ စကားပြော လုပ်နေကြတာလည်း တွေ့မြင်ရတယ်။ မြန်မာပြည်ထဲ ရှိရှိသမျှ မြို့နယ် ၃၀၀ ကျော်မှာတော့ အလားတူလုပ်နေတာ မမြင် မတွေ့ရသေးတာလည်း အမှန်ပဲဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေဆိုတာ ထွက်မလာသေးလို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေကို အန်အယ်လ်ဒီပါတီကပဲ ထိန်းရပါမယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013