
လာမယ့် ၂ လအတွင်းမှာ နောက်ထပ် ငြိမ်းချမ်းရေးညီလာခံတကြိမ် ကျင်းပဖို့ ရှိနေတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါဟာ တတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “၂၀၁၇ ခုနှစ်အတွင်းမှာ နောက်ထပ် ငြိမ်းချမ်းရေးညီလာခံတကြိမ် ကျင်းပဖို့ ရှိပါသေးတယ်။ မကြာခင်ကာလမှာ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ညီလာခံမှာ သဘောတူညီချက် မရရှိသေးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းရဦးမှာ ဖြစ်သလို နောက်ထပ် အခြေခံမူတွေ ချမှတ်နိုင်ဖို့လည်း ဆွေးနွေး ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လာမယ့် ညီလာခံမှာတော့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်နိုင်တဲ့အထိ ကြိုးပမ်းသွားကြဖို့လည်း သူက တိုက်တွန်းပါတယ်။ အခြေခံမူတွေ ထွက်ပေါ်လာပြီးရင် ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု၊ ကြွင်းကျန် အာဏာဆိုင်ရာ အခြေခံမူတွေအကြောင်း ဆက်ပြီး ဆွေးနွေးရဦးမှာပါ။
အားလုံးလက်ခံသဘောတူညီနိုင်တဲ့ ဖက်ဒရယ်စနစ်ဟာ ခေတ်အဆက်ဆက် မပြေလည် မဖြေရှင်းနိုင်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖြေရှင်းချက်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြီးခဲ့တဲ့ ညီလာခံမှာတော့ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း ၁ အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ငြိမ်းချမ်းရေးညီလာခံ ၂ ကြိမ် ကျင်းပသွား မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။











