DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲများ ပြီးပြည့်စုံရေး လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပါဝင်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
October 15, 2017
နိုင်ငံရေးဆွေးနွေးပွဲများ ပြီးပြည့်စုံရေး လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပါဝင်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးပြည့်စုံဖို့အတွက် အန်စီအေ လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် ၂ နှစ်ပြည့် အခမ်းအနားမှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ဟာ လမ်းဆုံးခရီး မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲဟာ ပြီးပြည့်စုံပြီလားမေးရင် မပြည့်စုံသေးပါဘူး။ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုအပ်ပါသေးတယ်။

“အန်စီအေ လက်မှတ်မထိုးဘဲ ကျန်နေသေးတဲ့အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော်အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲ ဖိတ်ခေါ် ထားပါတယ်။ တကယ်တော့ အန်စီအေ ဆိုတာ ကျမတို့ ပြည်ထောင်စုရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အန်စီအေဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ အန်စီအေ ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေး ညီလာခံ တံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်းဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် အပစ်ရပ်သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့အစည်း တွေရဲ့ နယ်မြေ ဒေသတွေမှာ ပဋိပက္ခတွေ လျှော့ချနိုင်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ လူမှုဘဝတွေ သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အန်စီအေ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ဆွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ ပထမဆုံး စတင်လျှောက်လှမ်းရမယ့် ခြေလှမ်းကတော့ အန်စီအေ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲကို နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ လည်း တက်ရောက်ခဲ့ ကြပါတယ်။

အန်စီအေလက်မှတ်မရေးထိုးသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (အက်ဖ်ပီအန်စီစီ) နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ ကတော့ မတက်ရောက်ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013