ကြေးနီစီမံကိန်းဖျက်သိမ်းရေး လက်ပံတောင်းဒေသခံများ ဆန္ဒပြ
Aung Ko Latt
·
October 15, 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ဒေသခံ ၁၀၀ လောက်က မိုးကြိုးပြင်ရွာထိပ်ကနေ ဝမ်ပေါင်ကုမ္ပဏီရှေ့ကို မနေ့က ၃ ကြိမ်မြောက် သွားရောက်ဆန္ဒပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးကြိုးပြင်ရွာထိပ်မှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို ညမှာ ဖျက်ဆီးသွားတဲ့အတွက် ဒေသခံတွေရဲ့ အလံ ၄ လက်၊ ၁၅ ပေပတ်လည် မိုးကာ ၂ ချပ်၊ စီမံကိန်းကန့်ကွက်ထားတဲ့ ဗွီနိုင်း ၄ ချပ်နဲ့ ဝါးလုံးတွေပါ သိမ်းဆည်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်နေ့က ဆန္ဒပြပွဲမှာ အာဏာပိုင်တွေဘက်က ၄ ပွင့်ဆိုင်တွေ့ဆုံရေးကို လာမယ့် ၂၀ ရက်နေ့မှာ ဆောင်ရွက်ပေးမယ်ဆိုပေမယ့် အာဏာပိုင်တွေရဲ့ စကားကို ယုံကြည်မှုမရှိတာကြောင့် ခုလိုဆန္ဒပြနေရတာလို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို ခွင့်ပြုမိန့်တင်ပြီး လုပ်ဆောင်တာဖြစ်ပေမယ့် ကုမ္ပဏီရှေ့မှာတော့ ရဲတပ်ဖွဲ့က အထဲဝင်ခွင့်မပေးဘဲ ပိတ်ဆို့ကာဆီးထားပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ဒေသခံတွေက အစားထိုးမြေယာဧက ၁၉၀၀ ဖော်ဆောင်ပေးရေး။ အစီရင်ခံစာလေးစားလိုက်နာမှုမရှိတဲ့ ကြေးနီစီမံကိန်းဖျက်သိမ်းရေး စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
တောင်းဆိုချက်တွေ မရမချင်း ဒီလိုကန့်ကွက်ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။