DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲကျင်းပပေးရန် မိုးကောင်း အန်အယ်လ်ဒီ တောင်းဆို
DVB
·
March 30, 2012
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းတဲ့အပေါ်မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်ထံ ကန့်ကွက်လိုက်ပြီး အမြန်ဆုံး ကျင်းပဖို့ တောင်းဆို လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို  မြို့နယ် အဆင့်ကနေ အောက်ခြေ ကော်မရှင် အဖွဲ့ခွဲ အသီးသီးထံကို ဒီမနက် စာပေးပို့လိုက်တယ်လို့ မြို့နယ် အန်အယ်လ်ဒီ အောင်နိုင်ရေး တာဝန်ခံ ဦးဝေလင်းက ပြောပါတယ်။

ဒီနေ့ ပေးပို့တဲ့ စာမှာ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက် ၉ နာရီခွဲမှာ ကော်မရှင်ရုံးတွေဆီကို ကျနော်တို့ ကန့်ကွက်တဲ့ အပေါ်စာလေးနဲ့ ဒီ ဒေသမှာရှိတဲ့ လူပေါင်း ၅၀၀ ကျော်နဲ့ ကျနော်တို့ လောလောဆယ် လက်မှတ်ရေးထိုးပြီးတော့မှ ကျနော်တို့ ကော်မရှင်ဆီကို တင်လိုက်ပါပြီ။ ကျနော်တို့ အခုကန့်ကွက်လွှာမှာလည်း ရက်ကို အမြန်ဆုံး သတ်မှတ်ပေးဖို့တွေ တောင်းဆိုထားတာ ပါပါတယ်။ ၁ ရက်နေ့ဆိုရင် တကယ်လို့ မမီကောင်း မမီနိုင်တဲ့ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ရက်သတ်မှတ်ပြီး ပြန်လည်ကျင်းပပေးဖို့ ကျနော်တို့ တောင်းဆို ထားပါတယ်။”

ကန့်ကွက်စာနဲ့အတူ ပါတီဝင်တွေနဲ့ ဒေသခံလူထု ၅၀၀ ကျော်ရဲ့ လက်မှတ်တွေကိုပါ တွဲတင်ခဲ့တဲ့ အကြောင်း နဲ့  ဝေးလံတဲ့ နယ်တွေက လက်မှတ် ၂၀၀၀ ကျော် ထပ်ရောက် လာမယ့် အကြောင်း ကို ဦးဝေလင်းက ပြောပါတယ်။

မြို့နယ်အတွင်း ကျေးရွာပါမကျန် ကွင်းဆင်းစစ်ဆေးချက်အရ ပြည်ထောင်စုရွေး ကောက်ပွဲကျင်းပရေးကော်မရှင် စိုးရိမ်ပူပန်သလို လုံခြုံရေး ချွတ်ယွင်းချက် တစုံတရာ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

မဲစာရင်းတွေ မမှန်မကန်ဖြစ်နေတာတွေကိုလည်း ပြင်ဆင်ပေးဖို့ သက်ဆိုင်ရာကော်မရှင် ထံ တင်ပြထားတယ်လို့ ဦးဝေလင်းက  ရှင်းပြသွားပါတယ်။

“မဲစာရင်းက လွန်ခဲ့တဲ့ ၃ ပတ်လောက်ကနေ စိစစ်တဲ့အခါကျတော့ မမှန်ကန်ဘူး။ နမ္မတီးဒေသစိတ်ဆို လူပေါင်း ၁၀၀၀ ကျော် ကျန်တယ်။ အဲဒါတွေကို ကျနော်တို့ ပြန်လည်ပြီးတာ့ မှ ဖြည့်သွင်းနိုင်အောင် ကော်မရှင် နဲ့ ဆောင်ရွက်ပါတယ်။ မိုးကောင်းမြို့ပေါ်မှာလည်း ၁ ရပ်ကွက်ကို ရာဂဏန်းလောက် ကျန်ခဲ့တယ်။ ၈၀၊ ၁၀၀၊ ၁၅၀ ဝန်းကျင်လေးတွေ ကျန်တယ်။ ကျန်တာလေးတွေလည်း ကျနော်တို့ တတ်နိုင်သလောက်တော့ စုစည်းပြီး ကော်မရှင်ကို တင်ပြီးတော့မှ ပြန်ပြီးတော့ ဖြည့်စွက်ပေးဖို့ ပြောထားပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ကချင်ပြည်နယ်ထဲက   ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်မြို့နယ် မဲဆန္ဒနယ်တွေ မှာ လုံခြုံရေးအခြေအနေ မကောင်းလို့ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို မကျင်းပတော့ဘူးလို့ ကြေညာခဲ့ပါတယ်။

ဒီမဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် အန်အယ်လ်ဒီက ညှိနှိုင်းလိုတဲ့ ကမ်းလှမ်းချက် ကို ကေအိုင်အိုက လက်ခံကြိုဆိုထားပါတယ်။ မရှေးမနှောင်းမှာပဲ ကော်မရှင် ဥက္ကဋ္ဌက သတင်းစာရှင်းပွဲမှာ ဒီမဲဆန္ဒနယ်မြေ ၃ ခုဟာ တကယ့်ကို  လုံခြုံရေးမကောင်းလို့ မကျင်းပတာပါလို့  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013