DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန်အပါဝင် ၁၁ ဦးကို အရေးယူပေးရန် တရားရုံးတွင် လျှောက်ထား
DVB
·
October 14, 2017
သမ္မတဟောင်း ဦးသိန်းစိန်အပါဝင် ၁၁ ဦးကို အရေးယူပေးရန် တရားရုံးတွင် လျှောက်ထား
Donate to DVB

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် သူ့လက်ထက်က လုံခြုံရေးကောင်စီဝင် ၁၁ ယောက်ကို ရာဇဝတ်ကြောင်းအရ အရေးယူပေးဖို့ တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဦးထင်ကျော်က မြောက်ဥက္ကလာပတရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့သလို မြို့နယ်ရဲစခန်းမှာလည်း တိုင်ကြားထားတယ်လို့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု ဗဟိုကော်မတီ (MDCF) ခေါင်းဆောင် ဦးထင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ရဲစခန်းမှူးကတော့ အထက်ကို တင်ပြဦးမယ်ဆိုပြီး အဲဒီနေ့ကပဲ ကျနော့်စစာနဲ့ အတူ မြို့နယ်ရဲမှူး ရုံးခန်းထဲဝင်သွားတယ်။ တရားရုံးကတော့ လာမယ့် ၁၇ ရက်နေ့ကို ရုံးချိန်းခေါ်ထားပါတယ်” လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တာ၊ မူးယစ်ဘိန်းရာဇာ ၄ ယောက်ကို နိုင်ငံရေး အကျဉ်းသားဆိုပြီး လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာနဲ့ ၂၀၁၃ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူတွေကို မလွှတ်ပေးသေးတာတွေကြောင့် ရာဇဝတ် ကြောင်းအရ တိုင်ကြားတာလို့ သူက ပြောပါတယ်။

“ကျနော့်မှာ စာရွက်စာတမ်းသက်သေတွေနဲ့ တရားရုံးမှာ ထွက်ဆိုပြီးသား သက်သေတွေ ရှိပါတယ်။ လူသက်သေ တချို့က ထောင်ထဲမှာ ရှိနေတယ်။ တချို့ကတော့ လွတ်မြောက်ပြီး အပြင်မှာပါ” လို့ သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် စခန်းမှူးနဲ့ ပြောဆိုခွင့်မရခဲ့ပါဘူး။

ဦးထင်ကျော်ဟာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ကို တပ်မတော်က ရုပ်သိမ်းပေးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013