
သတင်းထောက်တွေနဲ့အတူဖမ်းဆီးခံခဲ့ရပြီး လိုင်စင်မဲ့ကားအသုံးပြုမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ရဲ့အမှု ဒီကနေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေ ရောက်မလာလို့ အောက်တိုဘာ ၂၇ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆို လိုက်ပါတယ်။
မိုင်းဆန်းညွှန့်နဲ့ စိုင်းအောင်ခမ်းတို့ဟာ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေနဲ့ အတူ ပြီးခဲ့တဲ့ ဇွန်လကလည်းက ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) အပြင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ပါ တရားစွဲဆိုခံခဲ့ရပါတယ်။
မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲခံထားရတဲ့အမှုကနေ စက်တင်ဘာလ ၁၅ ရက်နေ့က သတင်းသမားတွေနဲ့အတူ လွတ်မြောက်ခဲ့ပေမယ့် လိုင်စင်မဲ့ကားအမှုနဲ့ အဲဒီနေ့မှာပဲ တရားစွဲတင်ခံခဲ့ရပါ တယ်။
သူတို့ကို စက်တင်ဘာလ ၂၉ ရက်နေ့က တကြိမ် ရုံးပြန်ချိန်းဆိုခဲ့ပြီး ပြန်ခေါ်သက်သေတွေ စစ်ဖို့ရှိပေမယ့် ပြန်ခေါ်သက်သေတွေမလာလို့ အောက်တိုဘာ ၁၃ ရက်မှာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာလည်း ပြန်ခေါ်သက်သေတွေမလာတဲ့အတွက် လာမယ့် အောက်တိုဘာ လ ၂၇ ရက်မှာ ရုံးပြန်ထပ်မံ ချိန်းဆိုလိုက်တာလို့ သူတို့ရဲ့ အမှုလိုက် ရှေ့နေ ဦးဝင်းမြင့်အောင်က ပြောပါတယ်။
ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်း ညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ကို တပ်မတော်က မရားအသင်းဥပဒေပုဒ်မနဲ့တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ သတင်းသမား ၃ ဦးနဲ့ ဒရမ်တီးသူ ၁ ဦးတို့ ပြန်လွတ်မြောက်သွားပေမယ့် ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ကတော့ လိုင်စင်မဲ့ကား အသုံးပြုတယ်ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ ဆက်လက် အမှုရင်ဆိုင်နေရတာပါ။










