ချောင်းဖြတ်ကူးသည့် နွားလှည်း ရေစီးနှင့်မျောပါ၊ မိသားစု ၃ ဦး သေဆုံး
DVB
·
October 13, 2017
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ညောင်ကျပ္ပင်ရွာ အနောက်တောင် ၁ မိုင် လောက်အကွာမှာ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီခွဲက တည်ပင်ချောင်းရိုး ၁၀ ပေ အကျယ်ရှိ ချောင်းကို မိသားစု ၄ ဦး နွားလှည်းနဲ့ ဖြတ်ကူးရာ ရေစီးနဲ့မျောပါသွားပြီး သားမိ ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူ ကိုသန်းလှိုင် (၃၀-နှစ်)မှာ နွားမအုပ်နဲ့ ဖြတ်ကူးပြီး မိခင် မသန်းဝေ (၂၉-နှစ်)၊ သမီး မတင်တင်အေး (ခ) မနွေဦး (၁၀-နှစ်) သုံးတန်းကျောင်းသူ၊ မောင်သိန်းသန်းဝေ အသက် ၃ နှစ်တို့ဟာ ချောင်းကို နွားလှည်းနဲ့ ဖြတ်ကူးချိန် မိုးရွာကာ ရေလုံးထိုးကျလာပြီ မျောပါသွားခဲ့ရာ ဝိုင်းဝန်းဆယ်ယူရရှိခဲ့ပေမယ့် ဆေးရုံပို့ဆောင်ချိန် သေဆုံးသွားပြီး သားဖြစ်သူနဲ့ နွားထီးတကောင်မှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။
မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူမှာ ည ၈ နာရီလောက်မှာ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားကြပြီး အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၈ နာရီလောက်မှာ သားဖြစ်သူ မောင်သိန်းသိန်းဝေမှာလည်း အခင်းဖြစ်နေရာနဲ့ ၂ ဖာလုံလောက်အကွာမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
ရေထဲမျောပါ သေဆုံးမှုနဲ့ပတ်သက်ပြီး နတ်မောက်မြို့မရဲစခန်းက ဥပဒေလုပ်ထုံးနဲ့အညီ ဆောင်ရွက်သွားမယ်လို့ နတ်မောက်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်စိုးက ပြောပါတယ်။
သတင်း - မင်းထီး