DVB Logo
Home
Lead Story
မြေယာဥပဒေကို ဘယ်လို ပြင်ဆင်အဆုံးသတ်ကြမှာပါလိမ့်
DVB
·
October 13, 2017
မြေယာဥပဒေကို ဘယ်လို ပြင်ဆင်အဆုံးသတ်ကြမှာပါလိမ့်
Donate to DVB

လူတို့ဖြတ်သန်းခဲ့ရာ နိုင်ငံရေးစနစ်တွေကိုတော့ တချို့သော ပညာရှင်တွေက စီးပွားရေးခေတ်တွေနဲ့ ပိုင်းခြားဖော်ပြလေ့ ရှိကြပါတယ်။

သမိုင်းဦးဘုံမြေခေတ်မှာ မြေယာပြဿနာရပ်တွေ မပေါ်ပေါက်ခဲ့ပေမယ့် မြေရှင်ပဒေသရာဇ်ခေတ်ကစပြီး မြေယာဟာ အရေးပါတဲ့ နိုင်ငံရေးတခု ဖြစ်လာခဲ့တယ်။ ကံကြွေးချစနစ်ကို ပဒေသရာဇ်တွေ အသုံးပြုလာတယ်။ ရေမြေသနင်း အရှင်သခင်အဖြစ် နိုင်ငံတွင်းရှိ မြေအားလုံး ဘုရင်ပိုင်ဆိုင်တယ်လို့ ယူဆလာကြတယ်။

ဒီယူဆချက်နဲ့အတူ မြေယာခြံခတ်တဲ့ဥပဒေ ပေါ်လာတယ်။ ဘုရင့်ခွင့်ပြုချက်နဲ့ မှူးကြီးမတ်ရာ မင်းမှုထမ်းတွေပဲ ပိုင်ဆိုင်လာတယ်။ သူတို့အားလုံးကတော့ မြေယာပိုင်ဆိုင်ခွင့်နဲ့အတူ အုပ်ချုပ်သူဘုရင်ကို သစ္စာစောင့်သိလာကြရတယ်။ မှူးမတ်ပိုင် လယ်မြေပေါ်မှာ ကံကြွေးချ ငှားရမ်းလုပ်ကိုင်သူတွေကလည်း မြေရှင်မှူးမတ်တွေကို သစ္စာစောင့်လာရတယ်။

ဘုရင်ဟာ ဒီနည်းနဲ့ တိုင်းပြည်ကို ထိန်းသိမ်းအုပ်ချုပ်ခဲ့တာပဲ။ ဒါကြောင့် မြေယာဆိုတာ နိုင်ငံရေး ဖြစ်လာတယ်။ မြေယာပိုင်ဆိုင်မှုဟာ နိုင်ငံပိုင်ဆိုင်မှု ဖြစ်တယ်လို့ ဆိုရပါမယ်။

နိုင်ငံတခုရဲ့ နယ်နိမိတ်ဆိုတာ မြေကို အခြေပြု သတ်မှတ်ကြတာပါ။ နယ်မြေမရှိဘဲ နိုင်ငံမရှိနိုင်ဘူး။ နယ်မြေ တိုင်းတာသတ်မှတ်တာကို ကြေးတိုင်စိုက်တယ်လို့ ခေါ်တယ်။

ဒါကြောင့်လည်း ဗြိတိသျှတို့ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းယူပြီးတာနဲ့ တနင်္သာရီနဲ့ ရခိုင်ကို ပထမဆုံးလုပ်တာက ကြေးတိုင်စိုက်တာပဲ။ ကြေးတိုင်မစိုက်ရသေးသမျှ ပိုင်နက်နယ်မြေ မတိကျဘူး။

တနိုင်ငံလုံးသိမ်းပြီးနောက် အထက်မြန်မာနိုင်ငံနဲ့ အောက်မြန်မာနိုင်ငံ မြေယာကို ခွဲခြားပြီး မြေယာဥပဒေကို နှစ်ပိုင်း ခွဲခြားပြဋ္ဌာန်းခဲ့တယ်။ ဒါကလည်း အထက်မြန်မာနိုင်ငံမှာ ဓလေ့ထုံးတမ်း မြေဥပဒေကို အလေးထား ခွဲခြားခဲ့ဟန်ရှိတယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။

၁၈၉၈ ထဲရောက်တော့ မြန်မာနိုင်ငံ အောက်ပိုင်းမြို့နှင့် ကျေးရွာမြေယာဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်။ နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ကလည်း ခေတ်ကာလနဲ့ နိုင်ငံရေးစနစ်တွေအရ လိုအပ်သလို ပြင်ဆင်ရေးဆွဲခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ မြေယာပြုပြင်ပြောင်းလဲရေးအရ မြေယာကို နိုင်ငံပိုင် ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် မြေလုပ်သူ မြေပိုင်ခွင့် ရှိခဲ့တယ်။ လမ်းစဉ်ပါတီခေတ် ရောက်တော့ မြေလုပ်သူ မြေယာလုပ်ပိုင်ခွင့်ပဲ ရရှိခဲ့ပါတော့တယ်။ ပိုင်ဆိုင်ခွင့် မရှိတော့ဘူး။

၂၀၀၈ ခြေ/ဥအရ အုပ်ချုပ်ခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ၂၀၁၂ ခုနှစ်မှာ လယ်ယာမြေဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ဒီဥပဒေအရကတော့ လယ်ယာမြေကို လက်ဝယ်ထားပိုင်ခွင့် ရှိလာတယ်။ ရောင်းချပိုင်ခွင့် ရှိလာတယ်။ ဒါပေမယ့် မြေယာပိုင်ဆိုင်ခွင့်တော့ မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ လယ်ယာမြေ ပြဿနာရပ်တွေဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကာလကနေ အရပ်ဘက်ကို ပြောင်းလာချိန်မှာတော့ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ပြဿနာတွေ ဖြစ်လာတယ်။ စစ်အစိုးရ အုပ်ချုပ်စဉ်က အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူခဲ့တဲ့ မြေယာတွေအပေါ်မှာ မူလပိုင်ရှင်တွေက ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။

မြေသိမ်း ယာသိမ်း ဆိုရာမှာ တပ်မတော်ရဲ့ မြေသိမ်း ယာသိမ်းတွေ၊ မြို့ရွာတည်ဖို့၊ စက်မှုဇုန်လုပ်ဖို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူတာတွေ ရှိသလို ရောင်တော်ပြန်နဲ့ အာဏာပိုင်အချို့နဲ့ပေါင်းပြီး မြေသိမ်း ယာသိမ်းတွေ လုပ်ခဲ့ကြတာလည်း ရှိပါတယ်။ မြန်မာပြည် အနှံ့အပြားပါပဲ။

မြေသိမ်း ယာသိမ်း စုစုပေါင်းနိုင်ငံရဲ့ သုံးပုံတပုံလောက် ရှိမယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် မြေသိမ်း ယာသိမ်း ဆိုတာ နိုင်ငံကိုသိမ်းတာနဲ့ အတူတူပဲလို့ အချို့ပညာရှင်တွေရဲ့ သုံးသပ်ချက်လည်း ရှိခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၂ ခုနှစ် မြေယာဥပဒေဟာ အခုလို မြေသိမ်း ယာသိမ်း ပြဿနာရပ်တွေကို ဖြေရှင်းပေးဖို့ လုံလောက်တဲ့ဥပဒေ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဒါ့အပြင် ပြဋ္ဌာန်းလယ်ယာမြေဥပဒေမှာ အားနည်းချက်တွေ ရှိတဲ့အတွက် ပြန်လည်ပြင်ဆင် ရေးဆွဲသင့်ကြောင်း ဝေဖန်သုံးသပ်လာကြတဲ့အတွက် ၂၀၁၇ ခုနှစ်ထဲမှာပဲ လယ်ယာမြေဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အများလေ့လာနိုင်အောင် ချပြခဲ့ပါတယ်။

ဒါကြောင့် DVB Law Lab (ပိုင်ခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ ဆွေးနွေး တင်ဆက်သွားဖို့အတွက် မြေယာဥပဒေနဲ့ မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ ဦးဇော်မင်း၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းနဲ့ တိုင်ရင်းလူထုမိတ်ဖက်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြင့်အောင်တို့ကို ဖိတ်ကြားခဲ့ပါတယ်။

စီစဉ်တင်ဆက်သူ ဦးခင်သန်းက လယ်ယာမြေ အငြင်းပွားမှုတွေ၊ ပုဒ်မ(၄၀) ဆိုင်ရာ တရားစွဲဆိုခွင့်နဲ့ ပတ်သက်တဲ့ အမေးကို ဦးဇော်မင်းက “ပုဒ်မ(၄၀) ဆိုင်ရာ တရားစွဲဆိုခွင့်ကို ဖြုတ်ဖို့ ဆွေးဆွေးနွေးကြတာလည်း ရှိပါတယ်။ ဥပဒေဘောင်နဲ့ မလွတ်ရင် တရားစွဲဆိုခွင့် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တရားစွဲဆိုခွင့် ရှိပါတယ်” လို့ ဆိုပါတယ်။

ဒေါက်တာသောင်းထွန်းကတော့ “လယ်သမားကောင်စီ အဆင့်ဆင့်မှာ မြေယာဥပဒေ ကျွမ်းကျင်သူတွေ ပါဖို့လိုတယ်။ မြေအငြင်းပွားမှုတိုင်းမှာ ရပ်/ကျေး အခြေခံလူထုက အခြေအနေစုံကို ကိုယ်တွေ့ဖြစ်လို့ ပိုသိပြီး သူတို့ ပါဝင်သင့်တယ်” လို့ ဆိုတယ်။

ဦးထွန်းမြင့်အောင်ကတော့ “ဗဟိုဦးစီးချုပ်ကိုင်မှု များလွန်းတယ်။ အုပ်ချုပ်မှုယန္တရားကလည်း များနေတယ်။ အာဏာပိုင်အဖွဲ့မှာ မြေယာကျွမ်းကျင်သူတွေ ပါဝင်တာကို ထောက်ခံပါတယ်” လို့ ဆွေးနွေးသွားပါတယ်။

အားလုံး ပြောဆိုဆွေးနွေးသွားကြတာကတော့ "မြေယာဓလေ့ထုံးတမ်း ဥပဒေကို အလေးမထားရင် တောင်တန်းဒေသရဲ့ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သူတွေဟာ အချိန်မရွေး ကျူးကျော်လုပ်ကိုင်သူတွေအဖြစ် တရားစွဲဆိုခံရနိုင်ဖွယ်ရှိတယ်” လို့ တသံတည်း ဆွေးနွေးသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဓလေ့ထုံးတမ်း မြေယာဥပဒေကို အလေးမထားရင်တော့ ဖြေရှင်းရန်ခက်ခဲတဲ့ မြေယာအငြင်းပွားမှုကို အားဖြည့်ပေးရာ ရောက်သလို တောင်တန်းဒေသ တောင်ယာစိုက်ပျိုးသူတွေအတွက်တော့ တရားမျှတမှု ကင်းစေတာကလည်း အမှန်ပါ။

မြေယာဥပဒေ ပြင်ဆင်ချက် မူကြမ်း ထွက်လာခဲ့ပေမယ့် ဒီမူကြမ်းကြောင့်တော့ မြေယာဥပဒေကို ဖြေရှင်းပေးရေးကို အထောက်အကူ မပြုနိုင်လောက်ဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။

သေချာတာတချက်ကတော့ ပြင်ဆင်ချက်မူကြမ်းဟာ ဝေါဟာရတွေ၊ စကားရပ်တွေ အစားထိုးတာကလွဲပြီး အခြား ထူးခြားချက် မတွေ့ရတာကလည်း အသေအချာပင် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013