DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် နာမည်ကြီး ၀ပ်ဆွန်ဒေါက် ကျောင်းထိုင်ဆရာတော် မြန်မာနိုင်ငံသားဖြစ်ဟု တိုင်တန်းခံရ
DVB
·
October 13, 2017
ချင်းမိုင် နာမည်ကြီး ၀ပ်ဆွန်ဒေါက် ကျောင်းထိုင်ဆရာတော် မြန်မာနိုင်ငံသားဖြစ်ဟု တိုင်တန်းခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က နာမည်ကြီးကျောင်းတိုက်တခုဖြစ်တဲ့ ၀ပ်ဆွန်ဒေါက် ကျောင်း ထိုင်ဆရာတော်မှာ ထိုင်းနိုင်ငံသားအစစ်မဟုတ်ဘဲ သေဆုံးသွားတဲ့ ထိုင်းနိုင်ငံသားတဦးရဲ့ မှတ်ပုံတင်ကို အစားထိုး ကိုင်ဆောင်နေကြောင်း တိုင်တန်းခံခဲ့ရပါတယ်။

သက်တော် ၅၂ နှစ်ရှိ ၀ပ်ဆွန်ဒေါက်ကျောင်းတိုက်ဆရာတော် ဖရရာ့ခ်ျမုနိဟာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က သေဆုံးသွားတဲ့ ချိုင်းယဖုမ်းခရိုင် ဖူးခယိုမြို့နယ်ရှိ နိုင်းဒုန်းဒီး ၀ိန်း ဒင်းခမ်း ဆိုသူရဲ့ နိုင်ငံသားမှတ်ပုံတင်အမှတ်ကို ကိုင်ဆောင်ပြီး လက်ရှိ နာမည်နဲ့ မျိုးရင်း နာမည်တွေ ပြောင်းလဲထားကြောင်း ထိုင်းနိုင်ငံသား နိုင်းကစ်သီ ဆဒ် ဆဲန်ထ၀ီ ဆုခ် က ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံး ပြည်သူ့ရေးရာဌာနကို သွားရောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဆရာတော်ရဲ့ မူရင်းလက်မှတ်မှာ  မြန်မာဘက်ကနေ ရွှေ့ပြောင်းနေထိုင်လာသူဖြစ်ပြီး မိဘတွေမှာလည်း ရွှေ့ပြောင်းနေထိုင်ရာမှ ချင်းမိုင်ခရိုင် မယ့်အိုင်းမြို့နယ် ထာ့ဒွန်း အုပ်စုဝင် တောင်ပေါ်သားလက်မှတ်ကိုင်ဆောင်သူတွေသာဖြစ်ကြောင်း၊ ဆရာတော်မှာ အဆိုပါမှတ်ပုံတင်အတုနဲ့ ထိုင်းသာသနာတက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ရပြီး  လက်ရှိ ချင်းမိုင်ရဲ့ အထင်ကရ ကျောင်းတိုက်ကြီးမှာ ကျောင်းထိုင်ဆရာတော် ဖြစ်နေတာ၊ ဒါ့အပြင် ချင်းမိုင်ခရိုင် သံယာ့နာယကအဖွဲ့ဝင်တပါးလည်းဖြစ်နေတာကြောင့် အခုလိုမြင့်မားတဲ့ ရာထူးနေ ရာတွေကို မှတ်ပုံတင်တုနဲ့ ရရှိလာတာဟာ ထိုင်းနိုင်ငံရဲ့ သာသနာရေးလောက အကျည်းတန်စေတာကြောင့် လိုအပ်သလို စစ်ဆေးအရေးယူပေးဖို့  တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာတော်ကို ကျောင်းထိုင်အဖြစ် ထောက်ခံတင်မြှောက်ပေးခဲ့သူ ဥပကာရ်ဆ ရာတော်ဖြစ်တဲ့  ချင်းမိုင်ခရိုင် မယ့်အိုင်းမြို့နယ် ထာ့ဒွန်းကျောင်းတိုက်ဆရာတော်ကိုပါ စစ်ဆေး အရေးယူဖို့ နိုင်းကစ်သီ ဆဒ်က တိုင်ကြားခဲ့ပါတယ်။

အခုလို တိုင်တန်းစာရရှိတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံ သားမှတ်ပုံတင်ဌာနကို တင်ပြခဲ့ပြီး  ပြည်ထဲရေးဌာနမှလည်း ဆရာတော်ကိုင်ဆောင်တဲ့ မှတ်ပုံ တင်နံပါတ်နဲ့ မွေးသက္ကရာဇ်ဟာ အမှန်တကယ်ပဲ ချိုင်းယဖုမ်းခရိုင်ရှိ ကွယ်လွန်သူ နိုင်းဒုန်းဒီးရဲ့ နံပါတ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ဆရာတော်ကို လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ထားပါတယ်။

ဒါပေမယ့်  ဆရာတော်ဟာ လာရောက်သတင်းပို့ခြင်းမရှိဘဲ သတင်းထောက်တွေက ၀ပ်ဆွန်ဒေါက်ေ ကျာင်းတိုက်ကို လိုက်လံမေးမြန်းရာမှာ ၀ါမ၀င်ခင်ကတည်းက ဖှန်မြို့နယ် ဒွိုင်အန်ခန်တောင်ပေါ်မှာ သင်ကြားရေးထောက်ကူပြု ပါဠိစာတန်းသွားရောက်ပြုစုနေကြောင်း၊ ဒွိုင်အန်ခန်ကို လိုက်သွားရာမှာတော့ အောက်တိုဘာ ၅ ရက်နေ့ကတည်းက ဒကာတွေပင့်ဆောင်ရာနောက် လိုက်ပါသွားပြီလို့ဖြေပြီး ကနေ့ထိ ဘယ်သူမှ ဆက်သွယ်လို့ မရသေးပါဘူး။

ဆရာတော်အနေနဲ့ စာရွက်စာတမ်းအတုကိုင်ဆောင်မှုတွေနဲ့ အရေးယူခံရဖွယ်ရှိပြီး အဲဒီခေတ်က တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်မှတ်ပုံတင်ဌာန ၀န်ထမ်းတွေရော၊ ဆရာတော်ကို ဘွဲ့တံဆိပ်ရာထူးအပ်နှင်းခဲ့တဲ့ဌာနတွေပါ အဆင့်ဆင့်ပြန်လည်စစ်ဆေး အရေးယူရဖွယ် ရှိနေပါတယ်။

ဆရာတော်မှာ အဆိုပါမှတ်ပုံတင်နံပါတ်နဲ့ နှစ်ပေါင်း ၃၀ ကျော် ကိုင်ဆောင်ပြီး ပညာသင်ခဲ့၊ သာသနာအကျိုးတွေ ဆောင်ရွက်ခဲ့ရာမှာ အခုမှ တိုင်တန်းခံရတာကတော့ ဒီမတိုင်ခင်က ၀ပ်ဆွန်ဒေါက်ကျောင်းတိုက်မှာ ငွေစာရင်းအရှုပ်အရှင်းပြဿနာတွေကြောင့် ယခင်ကျောင်းထိုင်ဆရာတော် ရွှေ့ပြောင်းခံရတဲ့ကိစ္စ၊ ခရိုင်ထဲက သံဃာ့ဝိနည်းနဲ့မလျော်ညီတဲ့ သံဃာတော်တပါးကို ရာထူးဖြုတ်ချဖို့ လက်မှတ်ထိုးပေးလိုက်တဲ့ကိစ္စတွေနဲ့လည်း ပတ်သက်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013