DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ်ကို မုဒိမ်းပြုကျင့်တာမှန်ရင် ထောင်အနှစ် ၂၀ နဲ့ တသက်တကျွန်း ချကိုချရမယ်- ဒေါ်နော်လှလှစိုး
DVB
·
October 13, 2017
Donate to DVB

မြိတ်ခရိုင်အတွင်း သက်ငယ်မုဒိမ်းမှုတွ ဖြစ်ပွားနေမှုနဲ့ပတ်သက်လို့ ကျောင်းသူ ကျောင်းသားတွေကို အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်နေပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တချို့မှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားနှုန်း မြင့်တက်နေတာကြောင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို အသိပညာပေး ဟောပြောတာနဲ့ ဥပဒေ အကြောင်းအရာတွေ ဆွေးနွေးတာတွေကို ပထမနေ့မှာ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက လွှတ်တော်ဘက်က လုပ်နေတဲ့ အပိုင်းတွေ၊ အစိုးရဘက်က လုပ်နေတဲ့ အပိုင်းတွေ၊ ဒါ့အပြင် ဥပဒေနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို ပြည့်ပြည့်စုံစုံ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

“အခုဆို ဥပဒေလည်း ပြင်ထားတာ ရှိပါတယ်။ ကလေးသူငယ်တွေကို မုဒိမ်းမှု ကျူးလွန်ရင်၊ ပြုကျင့်တာမှန်ရင် တသက်တကျွန်း ပြစ်ဒဏ်ချဖို့အတွက် ကျမတို့ လွှတ်တော်မှာ မေးခွန်းမေးပြီးတော့ အဆိုအောင်ခဲ့ပါတယ်။ ပြီးတော့ ဒါကိုလည်း တရားသူကြီးချုပ်ကနေပြီးတော့ တသက်တကျွန်း ချဖို့ဆိုပြီးတော့ အမိန့်ထုတ်တယ်။ ဒါပေမယ့် အဲဒါက အောက်ခြေမှာက မသိသေးဘူး၊ မသိသေးတဲ့အခါမှာ အခုထက်ထိ ပြစ်မှုကျူးလွန်သူတွေကို ၂ နှစ်၊ ၃ နှစ်တွေအထိပဲ ထောင်ချနေတာ တွေ့ရပါတယ်။ အဲအတွက်ကြောင့် မြိတ်ဒေသမှာ ရှိတဲ့ သက်ဆိုင်သူ အားလုံးကို ချိတ်ဆက်ပြီးတော့ ဒီဥပဒေကို လွန်ခဲ့တဲ့ ၃ လလောက်က ထုတ်ပြန်ထားပါတယ်၊ တကယ်လို့ ကလေးသူငယ်ကို မုဒိမ်းမှု ပြုကျင့်တာမှန်ရင် ပြစ်မှုက ထင်ရှားတယ်ဆိုရင် ထောင်ဒဏ် နှစ် ၂၀ နဲ့ တသက်တကျွန်း ချကို ချရမယ်၊ မချလို့ရှိရင် ကျမတို့ ကော်မတီကို တိုက်ရိုက် တိုင်ကြားနိုင်တယ်။”

၂၀၁၅ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုတွေ မြင့်တက်လာနေပြီး အဖြစ်များတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ အထူးစီမံချက်အနေနဲ့ ပညာပေးဟောပြောပွဲတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

Win Win Organization မှ ဒေါက်တာ ဖြိုးသီဟကတော့ ဆယ်ကျော်သက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုတွေအကြောင်းကို ချိတ်ဆက်ပြီး ဟောပြော ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီတခေါက်ကတော့ ကျနော်တို့ အဓိက မြိတ်မြို့မှာဆိုရင် စာသင်ကျောင်းတွေမှာ လုပ်ဖြစ်တယ်။ အဓိက ကလေးတွေမှာ သိသင့်သိထိုက်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း၊ ခန္ဓာကိုယ် ပြောင်းလဲမှုတွေပေါ့၊ အထူးသဖြင့် ဆယ်ကျော်သက်တွေဆိုရင် ကြုံလာရတယ်၊ ခန္ဓာကိုယ်ပြောင်းမှုတွေ အကြောင်းကို ပြောပြပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအသိပညာပေးတွေက မိဘတွေကလည်း ပြောဖို့ ခက်တယ်၊ နောက် ဆရာမတွေဆိုလည်း ပြောဖို့ နည်းနည်းလေး တွန့်ဆုတ်တယ်။ ဒီကိစ္စတွေ အမှန်တကယ် ဖြစ်လာပြီဆိုပါက မသိလို့လည်း မရတော့ဘူး၊ မလိုချင်ဘဲနဲ့ ရလာတဲ့ ကိုယ်ဝန်တွေ၊ ကူးစက်ရောဂါတွေ အကုန်လုံးက လိင်မှုဆိုင်ရာ အသိပညာပေးတွေ အားနည်းလို့ ကျနော်က ကျောင်းတွေမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ကျောင်းသားတွေကို သူတို့လေးတွေ နားလည်နိုင်မယ့် ပညာပေး အကြောင်းအရာလေးတွေကို သေသေချာချာလေး လုပ်ပြီး ဟောပြော ဆွေးနွေးခဲ့တယ်” လို့ ဒေါက်တာ ဖြိုးသီဟက ဆိုပါတယ်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲတွေကို အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပုလဲရတနာခန်းမ၊ မြင့်မိုရ်စာသင်ကျောင်း၊ ကန်စွန်းအင် ကိုယ်ပိုင် အထက်တန်းကျောင်း၊ (ဘက) သံသရာအေး ဘုန်းတော်ကြီးကျောင်း၊ မြို့သစ် အုန်းတောကျောင်းနဲ့ မြိတ်တောင်ကျေးရွာမှာ ဟောပြောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ မြိတ်ခရိုင်အတွင်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ ပြစ်မှုကျူးလွန်သူ တချို့လည်း ထွက်ပြေး လွတ်မြောက်နေသလို တရားရုံးတင်ဖို့ ကြန့်ကြာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း -  ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013