
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဧကရာဇ်ကုန်းရွာ၊ ဘုမကုန်းရွာ၊ ဇချမ်းကုန်းရွာ၊ ရွာသစ်ရွာတွေမှာ စက်တင်ဘာ ၁၂ နေ့လောက် စတင်ပြီး ဒီနေ့အထိ ရေတက်နေတဲ့အတွက် သီးနှံခင်းတွေပျက်စီးပြီး ဒေသခံတွေ သွားလာနေထိုင်ရေး အခက်အခဲကြုံနေရတယ်လို့ ဧကရာဇ်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ဦးပညာက မိန့်ပါတယ်။
“သာစည်မြို့နယ်နဲ့ ပျော်ဘွယ်မြို့နယ်အစပ်မှာရှိတဲ့ ရွာတွေပေါ့။ နှစ်စဉ်တော့ရေတက်လေ့ ရှိတယ်။ အခုလို ရက်အကြာကြီး တခါမှရေမတက်ဖူးဘူး။ အခုက တလနီးပါးကြာနေပြီ မြွေတွေလည်း ခဏခဏတွေ့နေတယ်။ ဝမ်းတွင်းတမာကုန်းရွာက ပရဟိတအဖွဲ့လာတယ်။ တခြားအဖွဲ့တွေလည်း လာကြတယ်။ လူတွေတောင်ဒုက္ခရောက်နေတော့ ဘုန်ကြီးတို့လည်း ဆွမ်းခက်တာပေါ့။"
ဇချမ်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က “အရင်ရက်တွေကတော့ ရင်ဆို့လောက်ထိ ရေတက်တယ်။ အခုတော့ ပေါင်လောက်ခါးလောက် ကျန်နေသေးတယ်။ ရွာဘေးမှာ ချောင်းလေး ချောင်းရှိတယ်။ အဲဒီချောင်းတွေက ကောကုန်တော့ ရေထွက်နှေးနေတာပေါ့။ ဆည်တွေက စိုးရိမ်ရေမှတ်ရောက်တော့ ရေလွှတ်လိုက်တာရယ်၊ မိုးရွာတာများတာရယ် ၂ ခုပေါင်းပြီး ရေတက် လာတာပေါ့။ စပါး၊ ပဲစဉ်းငုံ၊ ငရုတ် စတဲ့ သီးနှံပေါင်းစုံ ဧက ၈၀၀ လောက်တော့ပျက်သွားပြီ။ ကူညီကယ်ဆယ်ရေးတွေ မြို့နယ်အဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေ လာကြပါတယ်။ ကျန်းမာရေးကတော့ အခုထိ ဘာမှသိပ်မဖြစ်ကြသေးပေမယ့် စိတ်ပူတယ်ဗျာ။ ရေအမြန် ကျစေချင်ပြီ"လို့ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက "ဟုတ်ပါတယ်။ အခုထိ ရေတက် နေသေးတယ်။ ကျနော်တို့တောင် စားသောက်စရာတွေ သွားပေးတယ်။ အရင်လွှတ်တော် သက်တမ်းတုန်းက အခုရွာတွေ ရေမတက်အောင် လုပ်ပေးဖို့ လွှတ်တော်ကိုတင်ခဲ့ဖူးတယ်။ အဲဒါကို သာစည်နယ်ဘက်က ဆရာတော်တပါးက ကန့်ကွက်လို့ နောက်ဆုတ်ထားခဲ့ရတယ်။ အခုတော့ လွှတ်တော်ကိုပြန်တင်ပေးမယ်။ ရေဆိုးမြောင်းတွေ ဖော်မယ်။ ရေကာမြေသား ဘောင်တွေလုပ်ပေးမယ်။ ချောင်းကောနေတာတွေ ပြန်တူးပေးမယ်"လို့ ပြောပါတယ်။
ပျော်ဘွယ်မြို့နယ်နဲ့ သာစည်မြို့နယ်အစပ်မှာရှိနေတဲ့ ရွာ ၄ ရွာဘေးမှာ ချောင်းမကြီးချောင်း၊ ယင်းတော်ချောင်း၊ ချောင်းကောက်ချောင်း၊ မြင်းကျချောင်းတွေ ကောနေပြီး ချောင်းတွေထဲကို ချောင်းမကြီးဆည်၊ ချောင်းကောက်ဆည်၊ ယင်းတော်ဆည်၊ ရနောင်ဆည်တို့က ရေပိုလွှဲများက လွှတ်တဲ့ ရေတွေစီးဝင်ပါတယ်။ အခုအခါ မိုးရေနဲ့ဆည်ရေပေါင်းပြီး စီးဆင်းရာ ချောင်းနဲ့ ရေဆိုးထုတ်တွေကောနေတော့ ရေထွက်နှေးလို့ ရေတက်နေတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











