DVB Logo
Home
မြန်မာသတင်း
လူငယ် ၁၄ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးမည်
DVB
·
October 12, 2017
လူငယ် ၁၄ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးမည်
Donate to DVB

မြန်မာနိုင်ငံတဝန်းလုံးရှိ အသက် ၉ လမှ ၁၅ နှစ်အရွယ် ကလေးလူငယ် ၁၄ သန်းနီးပါးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ် ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးမယ့်လုပ်ငန်းကို အစီအစဉ် ၂ ခုနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမအစီအစဉ်ဖြစ်တဲ့ ကျောင်းအခြေပြုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်နေ့အတွင်းနဲ့ ပြည်သူအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ကို အောက်တိုဘာ ၁၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတဝန်းဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်မန်းဂျော်နီက ထည့်သွင်းပြောကြားခဲ့တာပါ။

“ကလေးလူငယ်များအတွက် တစ်ဘဝလုံး လူဖြစ်ရှုံးစေသော ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ခြင်းကြောင့် မိသားစုနှင့် ၎င်းကိုယ်တိုင်အတွက် လူမှုရေး၊ စီးပွားရေး ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။

ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ၂၀၁၇ လွမ်းခြုံမှုကို ၉၅ ရာခိုင်နှုန်းကျော် ရရှိရန်ဆောင်ရွက်ပြီး ပါက အသက် ၁၅ နှစ်အောက် ကလေးများမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ဖြစ်ပွါးနေမှုနှုန်း သေဆုံးမှုနှုန်းနဲ့ မသန်မစွမ်းမှုနှုန်း များကိုလျော့ကျစေနိုင်မှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

“လုပ်ငန်းပမာဏက ကြီးမားတယ် အရင်နှစ်တွေက ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်ခဲ့တဲ့ အားနည်းချက်အားသာချက်တွေကို ပြည်သူတွေကို အသိပညာပေးပြီး လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေးက ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ သာမာန်ဦးနှောက်ရောင်ရောဂါများနှင့် မတူပဲ အသက် ၁ နှစ်ကနေ ၁၄ နှစ်အတွင်းရှိ ကလေးလူငယ်များမှာ အဖြစ်များပြီး လူလူခြင်းမကူးစက်နိုင်ပဲ ကျွဲ၊ နွား၊ ဝက်တို့ကို ကိုက်လာတဲ့ ခြင်ကနေ လူကိုတဆင့် ကူးစက်တက်တဲ့ ရောဂါတခုဖြစ်ပါတယ်။

ရောဂါစဖြစ်ဖြစ်ချင်း လက္ခဏာ တွေကတော့ မူးဝေအော့အန်တာတွေ ဖြစ်ပြီး ၆ ရက် လောက်ကြာတဲ့ အခါမှာတော့ ၃ မိနစ်တစ်ခါ ၅ မိနစ်တစ်ခါ တက်တာတွေဖြစ်လာပြီး ရောဂါဖြစ်ပြီးနောက် သေဆုံးသူက ပိုများကြောင်း အသက်ရှင်ကျန်ခဲ့တဲ့ ကလေးများမှာလည်း နောက်ဆက်တွဲ ဖြစ်တဲ့ မသန်စွမ်းတော့ခြင်း လူစဉ်မမီ ဖြစ်ကျန်ရစ်ခဲ့ကြကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ မြန်မာနိုင်ငံမှာ ကပ်ရောဂါအသွင်ဖြစ်ပွားတတ်တဲ့ ခြင်ကတဆင့်ကူးစက်တက်တဲ့ ရောဂါတမျိုးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၃၉၄၀ ဦးအနက် ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့ လူနာ ၇၄၅ ဦးရှိခဲ့ကြောင်း ပြည်သူကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013