DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ကလေးနှင့် လူငယ်ဦးရေ အနည်းငယ်သာထပ်တိုးလာနိုင်
DVB
·
October 12, 2017
မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ကလေးနှင့် လူငယ်ဦးရေ အနည်းငယ်သာထပ်တိုးလာနိုင်
Donate to DVB

 

မြန်မာနိုင်ငံလူဦးရေရဲ့ (၄၆.၅%)ဟာ ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေဖြစ်ကြပြီး လက်ရှိ ကလေးမွေးဖွားနှုန်းနဲ့ ကလေးသေဆုံးနှုန်းအတိုင်း ဆက်ရှိနေမယ်ဆိုရင် နောင်လာမယ့် ဆယ်နှစ်အတွင်း ကလေးနဲ့ လူငယ်လူရွယ် ဦးရေမှာ အနည်းငယ်သာ တိုးလာနိုင်တယ်လို့  ပြည်သူ့အင်အားဦးစီးဌာနက စစ်တမ်းထုတ်ပြန်ပါတယ်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်တွေကို အခြေခံပြုစုထားတဲ့  “ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ” သုတေသနစာတမ်းကို

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

စာတမ်းအရ  ၂၀၂၄ ခုနှစ်မှာ မြန်မာ ကလေးသူငယ်နဲ့ လူငယ်လူရွယ် (၂၄.၅) သန်းနဲ့ ၂၀၄၄ ခုနှစ်မှာ  (၂၃.၁) သန်းသာရှိမယ်လို့  ခန့်မှန်းဖော်ပြထားပါတယ်။

ဒါ့အပြင် လူငယ်လူရွယ်တွေရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ အသက် (၁၀-၁၃) နှစ်အရွယ် ကလေးသူငယ် (၈) ရာခိုင်နှုန်းဟာ အလုပ်လုပ်နေကြရာမှာ မြို့ပြမှာ(၄) ရာခိုင်နှုန်းနဲ့ ကျေးလက်မှာ (၉) ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့ကာလမှာ မြန်မာလူငယ်လူရွယ် (၇) သိန်းခန့် ပြည်ပတွင်ရောက်ရှိနေကြပြီး နယ်စပ်ဒေသတချို့မှာ လူငယ်လူရွယ် (၅၀) ရာခိုင်နှုန်းခန့် ပြည်ပတွင်ရောက်ရှိနေသလို ပြည်ပပြောင်းရွှေ့သူတွေရဲ့ (၆၀) ရာခိုင်နှုန်းဟာ လူငယ်အမျိုးသားများဖြစ်ပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့တော့ အသက် (၅-၉) နှစ်အတွင်းရှိသူ ကလေးတွေရဲ့ (၇၁.၂) ရာခိုင်နှုန်းဟာ မူလတန်းပညာ တက်ရောက်သင်ကြားနေပြီး အသက် (၁၀-၁၃) နှစ်အရွယ် ကလေး (၇၆.၂) ရာခိုင်နှုန်းမှာ အလယ်တန်းပညာ တက်ရောက်သင်ကြားနေကြတယ်၊ ဒါပေမယ့် အသက် (၁၄-၁၅) နှစ်အတွင်းရှိ ကလေးထက်ဝက်ခန့် (၅၁%) သာ အထက်တန်းပညာကို တက်ရောက်သင်ကြားနေတယ်လို့ စစ်တမ်းအရသိရပါတယ်။

အဆိုပါစာတမ်းပါ တွေ့ရှိချက်တွေအရ ကလေးသူငယ် သုံးယောက်မှာ တစ်ယောက်ဟာ အလင်းရောင်အတွက် ရေနံဆီနဲ့ ဖယောင်းတိုင်သုံးတဲ့ အိမ်ထောင်စုတွေကဖြစ်တဲ့အပြင် ကလေးသူငယ်အများစုဟာ အစားအစာချက်ပြုတ်ဖို့ သစ်သား/ထင်းနဲ့ ရေနံဆီတို့ကို လောင်စာအဖြစ် အဓိကသုံးစွဲတဲ့အိမ်ထောင်စုတွေကဖြစ်လို့ အကျိုးဆက်အဖြစ် ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆိပ်သင့်မှုတွေဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသရှိ ကလေးသူငယ်တွေအတွက် လိုအပ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ သန့်ရှင်းတဲ့ ယင်လုံ အိမ်သာဆောက်လုပ်သုံးစွဲနိုင်ရေး၊ လျှပ်စစ်မီးပိုရရှိရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုပံ့ပိုးပေးနိုင်ရေးတွေအတွက် ရင်းနှီးမြှုပ်နှံမှုပိုလုပ်ဖို့နဲ့  မူလတန်းပြီးဆုံးချိန်မှာ  အလယ်တန်းဆက်လက်တက်နိုင်ဖို့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့ စာတမ်းမှာ အကြံပြုထားပါတယ်။

ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ သုတေသနစာတမ်းမှာ ကလေးနဲ့ လူငယ်တွေရဲ့ လူဦးရေနဲ့ လူမှုရေးဆိုင်ရာ အချက်အလက်တွေ၊ အိမ်အကြောင်းအရာနဲ့ အိမ်ထောင်စုရှိပစ္စည်းတွေ၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပြည်တွင်း/ပြည်ပ ပြောင်းရွှေ့သွားလာမှု စတဲ့ ကဏ္ဍတွေကို လေ့လာသုံးသပ်တင်ပြထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013