ထီးချိုင့်တွင် ဘိန်းစိမ်း ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
October 12, 2017

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ဒုရဲမှူးမြင့်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက် “ချင်းတွင်း ၂” စစ်ဆင်ရေးစစ်ကြောင်း၊ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးအဖွဲ့၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်အောင်သန်း ဦးစီးအဖွဲ့ဟာ ထီးချိုင့်-အင်းတော်-ကသာ ကားလမ်းဆုံမှာ ကျော်ကြီးနဲ့ ရွှေစိန်တို့ ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ မူးယစ်ဆေးဝါး ဘိန်းစိမ်း ၂၅ ဒသမ ၈ ကီလိုဂရမ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် “ချင်းတွင် ၂” စစ်ဆင်ရေး စစ်ကြောင်း မူးယစ်တပ်ဖွဲ့စု ၁၈ မှ ဒုရဲမှူးရန်နိုင်ထွန်း ဦးစီးအဖွဲ့ဟာ ထီးချိုင့်မြို့နယ် ကျောက်အိုက်ကျေးရွာအနီး ထီးချိုင့်-အင်းတော်သွား ကားလမ်းပေါ်မှာ သိန်းအောင်နဲ့ အောင်စိန်တို့ ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ သိန်းအောင်ဆီက ဘိန်းစိမ်း ၂၄ ဒသမ ၇ ကီလိုဂရမ်၊ အောင်စိန်ဆီက ဘိန်းစိမ်း ၂၂ ဒသမ ၁ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါတယ်။
ဘိန်းစိမ်း စုစုပေါင်း ၇၂၆ ကီလိုဂရမ်၊ ကာလတန်ဖိုး ငွေကျပ် ၂၁၇၈ သိန်းခန့် ဖမ်းမိခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး “ချင်းတွင်း ၂” စစ်ဆင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပထမအကြိမ်အနေနဲ့ မူးယစ်ဆေးဝါး အများဆုံး စံချိန်တင် ဖမ်းမိခဲ့တာပါ။
ဘိန်းစိမ်းတွေ သယ်ဆောင်လာသူ ကျော်ကြီး ၊ ရွှေစိန်၊ သိန်းအောင်နဲ့ အောင်စိန်တို့ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မများအရ အရေးယူထားတယ်လို့ ကသာခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး တပ်ဖွဲ့စုမှူးရုံးက သိရပါတယ်။
သတင်း - သီဟဆွေ(ကသာ)