DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် လက်ဆေးကန်တောင်အဆင်း သစ်တင်ကား တိမ်းမှောက်၊ လူ ၄ ဦးသေဆုံး
DVB
·
October 11, 2017
Donate to DVB

ဒီနေ့ မနက် ၂ နာရီလောက်က ကလေးမြို့နယ် ကံအောင်ရွာအနီး ကလေး-မော်လိုက်ကြီး လမ်းပိုင်းပေါ်ရှိ သမိုင်းဝင်လက်ဆေးကန် တောင်အဆင်း သစ်လုံးတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်လယ်မန်းက “လမ်းပိုင်းအမှတ် ၂၂/၂၃ နား လက်ဆေးကန်ကနေ ကလေးနယ်ဘက်ကိုအဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းညာဘက်ကို ထိုးကျခဲ့တာပါ။ အဲဒီကားပေါ်မှာ သစ်လုံးတွေပါပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၈ ယောက်ပါပြီး ၄ ယောက်ကတော့ အဲဒီမှာတင် ဆုံးသွားခဲ့ပါတယ်။ ကျန် ၄ ယောက်ကတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ထားနိုင်လို့ စိုးရိမ်စရာတော့ မရှိဘူး”လို့ စခန်းကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်လယ်မန်းက ဆိုပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ယာဉ်ဟာ GMC Truck အမျိုးအစား ကုန်တင်ကားဖြစ်ပြီး ယာဉ်မောင်းသူ ရန်မျိုးအောင်ရွာနေ မျိုးထက်အောင် အပါအဝင် ကောင်းမင်းကျော်နဲ့အတူ ကံအောင်ရွာမှာ နေထိုင်တဲ့ အဲနိုင်(ခ) ထွန်းနိုင်လင်းနဲ့ ငြိမ်းချမ်းအောင်တို့ ၄ ဦး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

ကံအောင်ရွာမှာနေထိုင်တဲ့ အမျိုးသား ၃ ဦးနဲ့ ရန်မျိုးအောင်ရွာနေ အမျိုးသား ၁ ဦးတို့ကတော့ ကံကောင်းစွာနဲ့ ဒဏ်ရာသာရရှိခဲ့ပြီး ကျန်လေးဦးကတော့ ဦးဆက်ပွင့်ဒဏ်ရာ ခေါင်းပေါက်ဒဏ်ရာ ၀မ်းဗိုက်ပေါက် ကျောရိုးပြုတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ယာဉ်ပေါ်မှာတော့ သစ်လုံး ၉ လုံး တင်ဆောင်ထားပြီး တန်ဖိုးနဲ့ တန် အရေအတွက်ကိုတော့ မော်လိုက်သစ်တော့ဌာနကို အပ်ပြီး တိုင်းတာမှု ပြုလုပ်နေတယ်လို့ လည်း ရဲအုပ်လယ်မန်းက ဆိုပါတယ်။

ဒီဖြစ်စဉ် မဖြစ်ခင် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် တောင်တက်လမ်း သိုင်းငင်းရွာအနီး သုံးထပ်ကွေ့မှာ ၆ ဘီးကုန်တင်ယာဉ် ပြုတ်ကျခဲ့တာကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရပြီး ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်ကလည်း ချင်းပြည်နယ် သိုင်းငင်း သုံးထပ်ကွေ့မှာပဲ ဆာ့ဖ်အမျိုးအစားယာဉ်တစီး ကျခဲ့ပြီး ကားပေါ်ပါသူများကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013