DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အများအပြား ကျေးရွာများမှဆက်လက်ထွက်ခွာနေ
DVB
·
October 11, 2017
ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အများအပြား ကျေးရွာများမှဆက်လက်ထွက်ခွာနေ
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ နေထိုင်ကြသူတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့က မွတ်ဆလင်တွေနေရပ်က ထွက်ခွာသွားတာတွေ ပိုမိုများပြားလာနေပါတယ်။

အများစုကတော့ လက်လုပ်လက်စား ကျပန်းလုပ်ကိုင်သူတွေဖြစ်ကြပြီး အလုပ်လုပ်ဖို့ အခြေအနေမရှိတော့သလို စားနပ်ရိက္ခာထောက်ပံ့တဲ့အဖွဲ့တွေ မရှိတော့တဲ့အတွက် ထွက်ပြေးဖို့စီစဉ်ကြတာလို့ ဒေသခံ မူဆလင်တွေ ပြောပါတယ်။

မီးကျောင်းဈေးကျေးရွာက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားနေတဲ့ အဘူကာလောင်ကတော့ "ကျနော်က ဒီမှာအလုပ်အဆင်မပြေလို့ အလုပ်လုပ်ဖို့ ကျနော့်အကို ရှိတဲ့ ဆော်ဒီနိုင်ငံကို လိုက်သွားဖို့ထွက်လာတာပါ။ အခြေအနေက ဘယ်လိုဖြစ်မလဲ မသိသေးဘူး" လို့ ပြောပါတယ်။

ဘူးသီးတောင် တောင်ရပ်ကွက်မှာနေတဲ့ ခေါ်လီကတော့ "မနက်ကပဲ ကျနော့်အိမ်နားက မိသားစု ၂ ခုထွက်သွားကြပါတယ်။ သူတို့ကတော့ လက်လုပ်လက်စားတွေပဲ အလုပ်အကိုင် အဆင်မပြေလို့ သွားတာလို့ပြောတယ်။ ဘင်္ဂလားဘက်ကို သွားမယ်ထင်တယ်။ ဘယ်လို သွားမလဲတော့ မသိဘူး။ ကျနော်တို့ကတော့ အခက်အခဲရှိလည်း မသွားဘူး။ အဲဒီမှာလည်း အဆင်မပြေကြဘူးလို့ကြားတယ်" လို့ ပြောပါတယ်။

ဘူးသီးတောင်မြောက်ပိုင်းက ကျေးရွာတွေကတော့ သြဂုတ်လနဲ့ စက်တင်ဘာလ အတွင်းက တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အချိန်ကတည်းက တိမ်းရှောင်သွားကြပြီး အနည်းစု လောက်ပဲ ကျန်ခဲ့တယ်လို့ ကျီးနှုတ်သီးရွာက မော်လ၀ီဆရာတဦးက ပြောပါတယ်။

ဒေသခံ မွတ်ဆလင်တွေဟာ ကောလာဟာလတွေနဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် ထွက်ပြေးနေကြတာလည်းရှိတယ်လို့ သူကပြောပါတယ်။

"ကျနော့်ကို တိုက်ရိုက်ခြိမ်းခြောက်ပြောတာတော့ မရှိဘူး။ ဒါပေမယ့် ရွာကထွက်ဖို့ ဟိုဘက်က ဖိအားပေးတာရှိတယ်လို့ ကြားပါတယ်။ တချို့ကလည်း စစ်တပ်က၊ ရဲက လာဖမ်းမယ်ဆိုပြီး ကြောက်လို့ပြေးတာလည်းရှိတယ်။ သတင်းတွေ အမျိုးမျိုးဖြစ်နေတော့ ဘယ်ဟာအမှန်လဲ မသိပါဘူး။" လို့ အဲ့ဒီမော်လ၀ီဆရာက ရှင်းပြပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ဘူးသီးတောင်မြောက်ပိုင်း ငရံ့ချောင်းအုပ်စု ၁၆ ရပ်ကွက်က လူဦးရေ ထောင်နဲ့ချီပြီး ထွက်ပြေးဖို့လုပ်နေကြတယ်လို့ ရွာသားတယောက်ကလည်း ပြောပါတယ်။

"ကံပြင်ကျေးရွာမှာနေထိုင်တဲ့ အာနိုဝါက ကျနော်တို့ ရပ်ကွက်ထဲမှာ အိမ်ခြေ ၄၀၀ လောက်ရှိတယ်။ အတွင်းပိုင်းက ဆင်းရဲသားအိမ်တွေကမရှိတော့ဘူး။ ကျနော်တို့အပိုင်းမှာ ကျနော်အပါအ၀င် ၁၅ အိမ်ပဲ ကျန်ခဲ့တယ်။ နှစ်ရာကျော်က ပြေးကုန်ပါပြီ။ လမ်းမတန်းက အိမ်တွေတော့ရှိနေသေးတယ်။ သူတို့ကတော့ မပြေးဘူးလို့သိရတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို မူဆလင်တွေထွက်ပြေးနေကြတာဟာ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် ပြေးကြတာလို့ သိရတဲ့အတွက် ဒေသအာဏာပိုင်တွေနဲ့ မွတ်ဆလင်အရပ်လူကြီး ၁၁ ဦးတို့က စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးနေတာလဲ ရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ အစိုးရက ကူညီတဲ့ ဆန်အိတ်တွေကို စုပေါင်းပြီး ကျေးရွာအားလုံးကို အလှည့်ကျကူညီပေးနေပြီး တမြို့နယ်လုံးကို ကူညီဖို့ဆောင်ရွက်နေရတဲ့အတွက် ကျေးရွာအုပ်စုတခုကို တကြိမ်စီပဲ ကူညီနိုင်ပါသေးတယ်။

အဲ့ဒီအဖွဲ့က ဒုတိယဥက္ကဋ္ဌ ဦးရော်ဖီးက "ကျနော်တို့က ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ငါးခြောက်၊ ကလေးတွေစားဖို့ ဘီစကစ်မုန့်၊ ကိတ်မုန့် စသည်ဖြင့် လေးငါးမျိုး တအုပ်စုကို ရှစ်သိန်း၊ ဆယ်သိန်းဖိုးလောက်ပို့ပေးပါတယ်။ မြို့နယ်ကတော့ ကျေးရွာအုပ်စုကြီးရင် ဆန်အိတ် ၁၅၀၊ အုပ်စုသေးရင် ၁၀၀ ကူညီပေးပါတယ်။" လို့ ပြောပါတယ်။

အခုလို အကူအညီပေးတာတွေရပေမယ့် လောက်ငတာမရှိလို့ အခက်အခဲတွေရှိနေတုန်း ဖြစ်ပြီး နောက်ထပ်ထွက်ပြေးနိုင်သူတွေရှိလာဦးမယ်လို့ ဒေသခံမွတ်ဆလင်တွေဆီက သိရပါတယ်။

ကံပြင်ရွာက အာနိုဝါက "လာပေးတာတွေတော့ရှိတယ်။ ဆန်ဆိုလဲ နို့ဆီလေးဘူး။ ကြက်သွန်နီ တစ်လုံးနှစ်လုံး၊ ကြက်သွန်ဖြူ တစ်လုံးလောက်ပဲရတာဆိုတော့ ဘယ်လိုမှစားလောက်မှာ မဟုတ်ဘူး။ အလုပ်လည်းမရှိကြတော့ ၀ယ်စားစရာ ပိုက်ဆံလည်းမရှိဘူး။ တချို့ဆို ရှိတာ ချရောင်းပြီး စားနေကြတာရှိပါတယ်။" လို့ ပြောပြပါတယ်။

ကူညီထောက်ပံ့ပေးနေတဲ့ ဦးရော်ဖီးကတော့ ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရပြီး အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ကျေးရွာတွေမှာ ဆင်းရဲသားတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ စီစဉ်ခဲ့ပေမယ့် ကျေးရွာလူကြီးတွေက တရွာလုံးကို အညီအမျှပေးဖို့ တောင်းဆိုကြတာကြောင့် မလောက်မင ဖြစ်ရတာရှိတယ်၊ ဒီကိစ္စတွေကို လူမှုကွန်ရက်တွေမှာ မသမာသူတွေက လှုံ့ဆော်ဖော်ပြနေလို့ အထင်လွဲစရာဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့က တယောက်ချင်းစီကို ခွဲဝေမပေးနိုင်ဘူး။ ရွာကိုရောက်ပြီး ပြောဆိုရှင်းပြတယ်။ နောက်ထပ်လည်း ရောက်အောင်ပို့မယ်၊ အေးအေးချမ်းချမ်းနေပါဆိုပြီး ရှင်းပြတယ်။ အဲ့ဒီလို အရပ်လူကြီးတွေက ခွဲဝေတဲ့အခါ ကျနော်တို့ ပြောသလိုမဟုတ်တော့ အဆင်မပြေတော့ မလောက်တာတွေဖြစ်ကုန်တယ်။" လို့ ရှင်းပြပါတယ်။

လောလောဆယ် ကိုယ့်အိမ်မှာပဲ နေထိုင်ဆဲဖြစ်တဲ့ အာနိုဝါကတော့ သူ့မိသားစုအနေနဲ့ ထွက်ပြေးဖို့ အစီအစဉ်မရှိဘူး။ ရှိတာနဲ့ ရအောင်ကြိုးစားနေမယ်လို့ ဆိုပါတယ်။

"ကျနော့် မိန်းမကတော့ မနေရဲတော့ဘူး ပြေးချင်တယ်လို့ ပြောတယ်။ ကျနော်က စိုးရိမ်စရာမရှိဘူး။ ဆက်နေလို့ရတယ်လို့ နှစ်သိမ့်ထားပါတယ်။ အားလုံး တယောက်မှ မရှိတော့ဘူးဆိုတော့လဲ မတတ်နိုင်ဘူးပေါ့။ အဲ့ဒီခါတော့ တမျိုးပေါ့" လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်ဖို့ ထွက်ခွာသူ နှစ်သောင်းနီးပါးဟာ မောင်တောမြို့နယ်ထဲက အလယ်သံကျော်၊ ဂေါ်ဒူသာရ၊ ပညောင်ပင်ကြီး စတဲ့ကျေးရွာအနီးက နှစ်နိုင်ငံ နယ်စပ်မှာ ရောက်ရှိနေကြပြီး နောက်ထပ်ထွက်ခွာသူတွေလည်း အများအပြားရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ရောက်ရှိနေသူ ငါးသိန်းကျော်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမယ့် မြန်မာနိုင်ငံကတော့ ဒီအရေအတွက်ကို အတည်ပြုထားတာ မရှိသေးပါဘူး။

သတင်း - ကိုအောင်၊ ဓာတ်ပုံ - ကိုအောင်၊ CJ စိုးမောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013