DVB Logo
Home
မြန်မာသတင်း
မြန်မာကိုလက်ညှိုးဝိုင်းထိုးနေချိန်မှာ နိုင်ငံသားအားလုံး စည်းလုံးကြရန် ကာဒီနယ်ချားလ်စ်ဘိုပြော (ရုပ်သံ)
DVB
·
October 11, 2017
မြန်မာကိုလက်ညှိုးဝိုင်းထိုးနေချိန်မှာ နိုင်ငံသားအားလုံး စည်းလုံးကြရန် ကာဒီနယ်ချားလ်စ်ဘိုပြော (ရုပ်သံ)
Donate to DVB

 

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံ တွေရဲ့ စိတ်ပျက်မှုကိုခံခဲ့ရသလို၊ လူတိုင်းက မြန်မာပြည်ဘာလုပ်ရမလဲဆိုတာကို ဝိုင်းပြီး အမိန့်ပေး လက်ညှိုးထိုးနေကြချိန်မှာ နိုင်ငံသားအားလုံးက စည်းလုံးကြဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှာ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စည်းလုံးညီညွတ်စွာနဲ့ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့အတွက် ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားနဲ့ အစွမ်းအစတွေရှိတယ်ဆိုတာကို ကမ္ဘာကသိအောင်ချပြသင့်တယ်လို့ ကာဒီနယ်ချားလ်စ်ဘိုက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုတံဆိပ်ကို လိုက်တောင်းခဲ့တာမဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကသာ ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်ပြီးတော့ ဆုတွေပေးနေခဲ့ပါတယ်။ ဒီဆုတွေအားလုံးကို ပြန်ယူလို့ရပါတယ်။  အလိုက်နဲ့တောင်  မှ ပြန်အမ်းလိုက်ချင်လိုက်သေးတယ်။ ဒါပေမယ့် သူတို့ မယူပစ်နိုင်တဲ့အရာတခုဟာ တိုင်းသူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရှိခဲ့တဲ့ ချစ်ချင်းမေတ္တာ၊ သူ့အပေါ်မှာ အားကိုးမှုတွေကို ဘယ်သူကမှ လုယူပစ်လို့မရပါဘူး”

နိုင်ငံ့ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံဟာ သမိုင်းအလှည့်အပြောင်းတစ်ခုနဲ့ ကြုံနေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ကျွန်ုပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်လက်ခံကြတယ်။ သူဟာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တရားမျှတခြင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလိုလားတဲ့ သန်းပေါင်းများစွာသော တိုင်းသူပြည်သားတွေရဲ့ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ အခိုင်အမာ ထုတ်ဖော်ပြသနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ယူစချိန်ထဲက ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်နိုင်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့တာဝန်ယူပြီးချိန်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပင်လုံညီလာခံဆိုတဲ့ အမိုးတခုထဲအောက်မှာစုစည်းနိုင်ခဲ့တာဟာအသေးအမွှားကိစ္စတစ်ခုလို့မသတ်မှတ်စေချင်ကြောင်း လည်း ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပြီး ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို နိုင်ငံရဲ့ နောင်လာနောင်သားကလေးသူငယ်တွေက ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်ုပ်တို့ဟာ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တယ် ဆိုတာ သိစေချင်ပါတယ်။ ကျွန်ုပ်တို့ နိုင်ငံမှာ လူသားတိုင်းကို သနားကြင်နာရမယ်ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာရှင်သန်နေတယ်ဆိုတာကို ကမ္ဘာကြီးကိုပြောပြချင်ပါတယ်။”

ကမ္ဘာကြီးအနေနဲ့ အစိုရရဲ့ လုပ်ကိုင်ပုံတွေကို အကူညီမပေးတဲ့အပြင် ဘေးကနေ လက်ညှိုးထိုးပြစ်တင်ရှုတ်ချနေတာဟာ အဓိပ္ပာယ်မဲ့လုပ်ရပ်ဖြစ်ကြောင်းလည်း ကာဒီနယ် ချားလ်ဘိုက ဝေဖန်ပြောကြားခဲ့ပါတယ်။

မနေ့ညကနေက ရန်ကုန်မှာကျင်းပတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ထောင်နဲ့ချီပြီး ပါဝင်ဆုတောင်းပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွင်း လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ အခြေအနေ ကို ကမ္ဘာကို ပြသဖို့ရည်ရွယ်ပြီး  ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်သီးသီးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013