
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ၊ ပုသိမ်-မုံရွာလမ်း မိုးကြိုးပြင် အလယ်ရွာထိပ် သပိတ်စခန်းကိုလာတဲ့ လုံခြုံရေးရဲကားတစီး ဒီကနေ့ မွန်းလွဲ ၂နာရီခွဲလောက်က သပိတ်စခန်းအနီး ပြန်အကွေ့မှာ အရှိန်လွန်ကာ လမ်းဘေးရေမြောင်း ထဲထိုးကျခဲ့ပါတယ်။
ကားက ရဲတပ်ဖွဲ့ဝင်အချို့တင်ဆောင်လာကာ သပိတ်စခန်းကိုစောင့်ကြည့်ဖို့ရောက်လာတာ ဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ဒေသခံတဦးကပြောပါတယ်။
"ကားပေါ်မှာ အားလုံး ၁၀ ယောက်လောက်တော့ ပါတယ်ထင်တယ်။ သေသေချာချာတော့ မသိဘူး။ ထိခိုက်ဒဏ်ရာရတာတွေတော့ မမြင်ဘူး။ စောစောကတော့သူတို့ ရဲကားလေးနဲ့ လာဆွဲသေးတယ် မရဘူး။ ကားကတော့ ခုထိရှိသေးတယ်"
လက်ရှိ မိုးကြိုးပြင်ရွာထိပ်က သပိတ်စခန်းမှာ ကြေးနီပြားတွေတင်ထားတဲ့ တွဲကား ၄ စီးကို ဒေသခံတွေက တားမြစ်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မနက်ပိုင်းက စည်ပင်သာယာရေးဝန်ကြီး၊ နယ်လုံဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုးတို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရရှိသေးပါဘူး။
စည်ပင်ဝန်ကြီးကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေချထားပေမယ့် ရွာသားတွေကို အကြမ်းဖက်နှိမ်နင်းတာတွေတော့ လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။











