DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာနေ
DVB
·
October 10, 2017
မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာနေ
Donate to DVB

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းလောက် ဆုံးရှုံးနစ်နာနေတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက် မနက်က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇) မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောသွားတာပါ။

တကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘေးအန္တရာယ်တွေ ကျရောက်မှုကြောင့် စီးပွားရေးကဏ္ဍမှာ တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့် ရှိခဲ့တယ်၊ မြန်မာနိုင်ငံမှာလည်း သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာနေတယ်၊ ဘေးအန္တရာယ်တွေဟာ နိုင်ငံမရွေး ကျရောက်လေ့ရှိတယ် ဆိုပေမယ့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ဘေးအန္တရာယ်တွေကြောင့် အသက်ဆုံးရှုံးမှုတွေကို ပိုမိုကြုံတွေ့နေရတယ်လို့ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားတွေ ပြောင်းလဲလာခဲ့တာကို တွေ့မြင်ရတယ်လို့လည်း ဒု-သမ္မတက ပြောပါတယ်။

“မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက်မှာ သဘာဝဘေးအန္တရာယ်တွေကိုသာမက လူ့ပယောဂကြောင့်ဖြစ်တဲ့ မတော်တဆ အန္တရာယ်ဖြစ်ပွားမှုတွေကိုပါ ထည့်သွင်းထားပါတယ်။ စီမံချက်အသစ်မှာ အင်အားသေးငယ်သော်လည်း ထပ်ပြန်တလဲလဲ ဖြစ်ပွားတတ်တဲ့ ရေလွှမ်းမိုးမှုဘေး၊ မိုးကြိုးဘေး၊ လေပြင်းတိုက်ခတ်တာနဲ့ မြစ်ကမ်းပါးပြိုတာလို ဘေးတွေကိုပါ လျှော့ချနိုင်ဖို့ စီမံချက်တွေ ဖော်ထုတ်ထားပါတယ်” လို့ ဦးဟင်နရီဗန်ထီးယူက ဆိုပါတယ်။

ဒါ့အပြင် အသက်အိုးအိမ်ပစ္စည်းပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အပြင် တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

အဲဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ သံတမန်တွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ ဥက္ကဋ္ဌတွေကို ဒု-သမ္မတက တာဝန်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013