DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ လျှပ်စစ်မီးလိုအပ်ချက်၏ ၈ မဂ္ဂါဝပ်ကို ထိုင်းက ရောင်းချပေးမည်
DVB
·
October 9, 2017
မြဝတီမြို့ လျှပ်စစ်မီးလိုအပ်ချက်၏  ၈ မဂ္ဂါဝပ်ကို ထိုင်းက ရောင်းချပေးမည်
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ လျှပ်စစ်မီးလိုအပ်ချက်ရဲ့ ၈ မဂ္ဂါဝပ်ကို အာမခံငွေတင်ပြီးရင် ထိုင်းနိုင်ငံက ရောင်းချပေးသွားဖို့ ရှိနေပါတယ်။

မြဝတီမြို့ဟာ နှစ်ပေါင်းများစွာ ထိုင်းနိုင်ငံကနေ လျပ်စစ်မီးကို ဝယ်ယူအသုံးပြုနေတာဖြစ်ပြီး နယ်စပ်မြို့ဖြစ်တဲ့အလျောက် စီးပွားရေး၊ ကုန်သွယ်ရေးတွေ ထွန်းကားနေသလို ရပ်ကွက်တိုးချဲ့တာတွေ ရှိနေတာကြောင့်လည်း လျှပ်စစ်မီးလိုအပ်ချက်တွေ တိုးလာနေတာ ဖြစ်ပါတယ်။

ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေကတော့ မကြာခင်မှာ လျှပ်စစ်မီး ၁၀ မဂ္ဂါဝပ်လောက် ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ သောင်ရင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ စောတင်ဝင်းက ပြောပါတယ်။

“စက်မှုဇုန်မှာ ၂ မဂ္ဂါဝပ်နိုင်မယ့် အင်ဂျင်တွေ အခု ကျနော်တို့လုပ်နေတယ်။ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ နောက် ထိုင်းကလည်း ကျနော်တို့ကို ကတိပေးထားတာက အာမခံငွေ တင်ပြီးတာနဲ့ ၈ မဂ္ဂါဝပ်အပြည့် ကျနော်တို့ကို ပို့ပေးမယ်။ အဲ့ဒီဘက်က ၈ မဂ္ဂါဝပ်အပြည့် ကျနော်တို့ရမယ်။ ကျနော်တို့ အင်ဂျင်ထဲကလည်း ၂ မစ်လောက် ထွက်လာမယ်ဆိုလို့ ရှိရင် ခုနက အလုပ်သမားတွေ လိုအပ်တဲ့ ပြည့်ပြည့်ဝဝ ရသွားမှာပေါ့နော”

မြဝတီမြို့ ၂၄ နာရီလျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် သောင်ရင်းကုမ္ပဏီက ဘတ်ငွေ ၃၁ သန်းကျော် ထိုင်းလျှပ်စစ်ဌာနကို အာမခံကြေးပေးထားပြီလို့လည်း ပြောပါတယ်။

ပြည်တွင်းထုတ် လျှပ်စစ်မီးရမယ်ဆိုရင်လည်း ထိုင်းရဲ့ လျှပ်စစ်မီးက ပိုစိတ်ချရတာကြောင့် လက်လွှတ်မှာမဟုတ်ဘူးလို့ အောက်တိုဘာ ၈ ရက်နေ့က မြဝတီမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သောင်ရင်းကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

သောင်ရင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ စောတင်ဝင်းက “ကျနော်တို့ ထိုင်းမီးကို လတ်တလောမှာ လက်လွှတ်လို့မရသေးဘူး။ မြန်မာမီးလာတာနဲ့ ထိုင်းမီးဖြတ်မယ်ဆိုလို့ရှိရင် တခါပြည်သူတွေ ပြောဦးမှာပဲ။ ထိုင်းမီးက အဆင်ပြေတယ်၊ မြန်မာမီးက ဘာညာ လာဦးမှာပဲ။ ဘယ်လို့ပဲဖြစ်ဖြစ် မြန်မာမီးလည်း ယူရမှာပဲ၊ ထိုင်းမီးလည်း ယူရမှာပဲ။ နှစ်လိုင်းလုံးယူနိုင်အောင် ချိတ်ဆက်တဲ့ အပိုင်းမှာတော့ ပညာရှင်တွေပဲ လုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုချိတ်ဆက် အသုံးပြုသွားမယ် ဆိုတာတွေကိုပေါ့” လို့ ဆက်ပြောပါတယ်။

မြဝတီမြို့ ရပ်ကွက် ၅ ခုကနေ ရပ်ကွက် ၇ ခုအထိ ထပ်တိုးချဲ့ဖို့ အစီအစဉ်ရှိနေတဲ့အတွက် လျပ်စစ်မီး ၈ မဂ္ဂါဝပ်က မလုံလောက်ဘူးဆိုရင် နောက်ထပ် ၄ မဂ္ဂါဝပ် တိုးချဲ့ဝယ်ယူဖို့ ရှိတယ်လို့ သောင်းရင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာက ဆိုပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့ဟာ ထိုင်းနိုင်ငံကနေ ဝယ်သုံးထားတဲ့ လျှပ်စစ်မီး ၆ ဒသမ ၈ မဂ္ဂါဝပ် ရှိပါတယ်။

သတင်း-ဖိုးစီ/ခွန်ဘသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013