DVB Logo
Home
Lead Story
ထိတ်လန့်ချောက်ချားစရာ လတ်စ်ဗီးဂတ်စ်ပစ်ခတ်မှု၊ အမေရိကန်နဲ့ သေနတ်
DVB
·
October 9, 2017
ထိတ်လန့်ချောက်ချားစရာ လတ်စ်ဗီးဂတ်စ်ပစ်ခတ်မှု၊ အမေရိကန်နဲ့ သေနတ်
Donate to DVB

 

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လတ်စ်ဗီးဂတ်စ်မှာ ဖြစ်ပျက်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုကတော့ အလွန်ထိတ်လန့် ချောက်ချားစရာ ကောင်းလှပါတယ်။

အသက် ၆၄ နှစ်အရွယ် သေနတ်သမား စတီဖင် ပက်ဒေါ့ရဲ့ ပစ်မှတ်ထား ပစ်ခတ်ခံခဲ့ရတာတော့ ရုထ် ၉၁ ဟားဗက်စ်တေးဂီတပွဲတော်ကို လာရောက်ကြတဲ့ ပရိသတ်ပါပဲ။ အချိန်က ည ၁၀ နာရီ ၅ မိနစ်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်လောက် အချိန်အတွင်းမှာ ကျူးလွန်သူ ပက်ဒေါ့ အပါအဝင် လူပေါင်း ၅၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဦးရေကတော့ ၄၈၉ ယောက်အထိ ရှိခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်တိုက်ခိုက်မှု သမိုင်းမှာတော့ ပစ်ခတ်သူတဦးတည်းနဲ့ သေဆုံးမှု အများဆုံးလို့ ပြောရမယ့် အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပါတယ်။

သေနတ်သမားဟာ အနားမှာတည်ရှိတဲ့ Mandalay Bay ဟိုတယ်က သူနေထိုင်ရာ ၃၂ ထပ် အခန်းကနေ ကျည်ဆန်ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်သွားပြီး တနာရီလောက် အကြာမှာတော့ သေနတ်သမား ပက်ဒေါ့ကို သူ့အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်ခတ်တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ပစ်ခတ်သူကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အတွက် သူ အဲဒီလောက်များပြားတဲ့ လူပရိသတ်ကို ဘာအကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်း စေ့ဆော်မှုကိုတော့ မသိရသေးပါဘူး။

တကယ်တော့ ဒီ ရုထ် ၉၁ ဟားဗက်စ် တေးဂီတပွဲတော်ကို လတ်စ်ဗီးဂတ်စ်က ၁၆ ဧက ကျယ်ဝန်းတဲ့ မြေကွက်ပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ကျင်းပတဲ့ မြေကွက်ကြီးနဲ့ Mandalay Bay ဟိုတယ်ဟာ  မီတာ ၄၅၀ အကွာမှာရှိပြီး လတ်စ်ဗီးဂတ်စ်လမ်းကျယ်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိတာပါ။

အဲဒီ အောက်တိုဘာလ ၁ ရက်နေ့မှာ အဆိုတော် ဂျေဆန်အောလ်ဒင်းက ပွဲတော်ရဲ့ တတိယနဲ့ နောက်ဆုံးနေ့မှာ သီဆိုသရုပ်ဆောင် ဖြေဖျော်ပေးနေခဲ့တာပါ။ ခန့်မှန်းခြေ ပွဲတော်ကို တက်ရောက်နားထောင်ကြည့်ရှုသူပေါင်း ၂၂၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ဂီတဖျော်ဖြေပွဲတခုကို တက်ရောက်လာတဲ့ သောင်းချီတဲ့ ပရိသတ်ထဲကို သေနတ်နဲ့ ကျည်ဆန်မိုးရွာသလို ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စကတော့ လူသားသမိုင်းမှာ အတော်အရုပ်ဆိုး အကျည်းတန်သလို အကြီးအကျယ်လည်း လူမဆန်အောင် ရက်စက်တယ်လို့ ပြောရမှာပါပဲ။

ပက်ဒေါ့က အောလ်ဒင်း ဖျော်ဖြေတင်ဆက်နေတဲ့ အချိန်မှာ Mandalay Bay ဟိုတယ် ၃၂ ထပ် အခန်းက သူ တူနဲ့ထုပြီး ခွဲထားတဲ့ ပြတင်းပေါက် ၂ ပေါက်ကနေ ည ၁၀ နာရီ ၅ မိနစ်မှာ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တက်ရောက်နားထောင် ကြည့်ရှုနေတဲ့ ပရိသတ် အတော်များများက မီးရှူးမီးပန်း ပစ်ဖောက်သံတွေလို့ ထင်ခဲ့ကြတာပါ။ ပက်ဒေါ့က ပစ်ခတ်တာကို ခဏတဖြုတ် ရပ်တာကလွဲပြီး ဆယ်မိနစ်လောက် တရစပ်ကို ပစ်ခတ်ခဲ့လို့ ဒီလောက်များပြားတဲ့ လူတွေ သေကျေ ဒဏ်ရာရခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကံကောင်းသွားတဲ့အချက်လို့ ပြောရမယ့် တခုကတော့ သူ့ရဲ့ကျည်ဆန်တချို့က အနားမှာရှိတဲ့ မက်ခ်ကာရင်း လေဆိပ်က လေယာဉ်ဆီ သိုလှောင်စည်ကို ထိမှန်ခဲ့ပေမယ့် မထွင်းဖောက်နိုင်ခဲ့ဘူး ဆိုတာပါပဲ။ နောက်ကံကောင်းချက်တခုကလည်း ကျည်ဆန် ရာနဲ့ချီပြီး တရစပ်ပစ်ခတ်နေတဲ့ ပက်ဒေါ့ရဲ့ ဟိုတယ်ခန်း တံခါးဝကို ဟိုတယ်လုံခြုံရေးဝန်ထမ်း တယောက်ဖြစ်တဲ့ ဂျီးဆပ်စ် ကင်းပေါ့စ် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ကင်းပေါ့စ် တံခါးဝရောက်တာနဲ့ တံခါးကိုဖောက်ပြီး ပက်ဒေါ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်လို့ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကင်းပေါ့စ်က ချက်ချင်းပဲ ဟိုတယ်အခန်း ၃၂၁၃၅ ထဲမှာ သေနတ်သမား ရှိနေတဲ့အကြောင်းကို လတ်စ်ဗီးဂတ်စ်မြို့တော် ပုလိပ်ဌာနကို ရေဒီယိုနဲ့ အကြောင်းကြားခဲ့တယ်။ နောက် ချက်ချင်းပဲ ၃၂ ထပ်မှာရှိနေတဲ့ လူတွေကို စပြီး ရှင်းလင်းဖယ်ရှားပေးခဲ့ပါတယ်။ ည ၁၀ နာရီ ၁၇ မိနစ် အချိန်မှာတော့ ပထမဆုံး ပုလိပ်အရာရှိတွေ ဟိုတယ် ၃၂ ထပ်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ည ၁၀ နာရီ မိနစ် ၂၀ မှာတော့ ပုလိပ်တပ်ဖွဲ့ဝင်တွေက ပေါက်ကွဲပစ္စည်းတွေရှိနေတဲ့ အခန်းထဲကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ သေနတ်သမားဟာ သူ့ခေါင်းကို သူပြန်ပစ်ခတ်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပြီး ဖြစ်နေပါပြီ။ ည ၁၁ နာရီ ၂၇ မိနစ်မှာ ပုလိပ်တပ်ဖွဲ့က သေနတ်သမားတယောက် သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့ ရေဒီယိုကနေ ကြေညာပေးခဲ့ပါတယ်။

ချောက်ချားစရာ ကောင်းတာကတော့ ပက်ဒေါ့အခန်းထဲမှာ အရေအတွက် များပြားလှတဲ့ ကျည်ဆန်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အေအာ-၁၅ ကလတ်စ်ရှနီကော့ဗ်၊ အေအာ-၁၀ နဲ့ တခြား ဒသမ ၀၃၈ ကယ်လီဘာရိုင်ဖယ်တွေ အပါအဝင် လက်နက် ၂၃ လက်ကို တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ၂ ချောင်းထောက်ပေါ်မှာ တယ်လီစကုပ် တပ်ဆင်ထားတဲ့ ရိုင်ဖယ် ၂ လက်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ပြောရရင်တော့ ပက်ဒေါ့ တယောက်တည်းက အော်တိုမက်တစ်ရော တပိုင်း အော်တိုမက်တစ်ဖြစ်တဲ့ သေနတ်တွေအများကြီးကို ပိုင်ဆိုင်ထားခဲ့တာ တွေ့ရပါတယ်။ အရက်၊ ဆေးရွက်ကြီး၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ဗျူရိုကတော့ သေနတ်တွေ အားလုံးဟာ တရားဝင်ဖြစ်တယ်လို့ အဆုံးအဖြတ် ပေးခဲ့ပါတယ်။ နောက် စွမ်းအားမြှင့် တခုကို ကျည်ဆန် ၁၀၀ ထည့်နိုင်တဲ့ မဂ္ဂဇင်းဘောက်တွေ အများကြီးကိုလည်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီလောက်များပြားတဲ့ လက်နက်နဲ့ ကျည်ဆန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ အားလုံးကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိနေတာဟာ လူ့အဖွဲ့အစည်းတခုအတွက် အလွန်ကြောက်စရာ၊ အံ့သြထိတ်လန့်စရာ အခြေအနေ၊ အန္တရာယ်များတဲ့ အခြေအနေဖြစ်တယ် ဆိုတာကတော့ အငြင်းပွားစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သေနတ်လက်နက် တရားဝင်ကိုင်ဆောင်ခွင့်ကို ခွင့်ပြုထားတဲ့ နိုင်ငံတွေ အတော်များများ ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အရင်တုန်းက တရားဝင် လိုင်စင်လျှောက်ပြီး လက်ကိုင်သေနတ်တိုနဲ့ သေနတ်ရှည်တွေလည်း ကိုင်ဆောင်ခွင့် ပေးထားခဲ့ပါတယ်။ ဒါဟာလည်း ဒီမိုကရေစီနိုင်ငံတွေမှာ လူတဦးချင်းပဲဖြစ်ဖြစ် မိသားစု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် တရားဥပဒေအရ ခွင့်ပြုပေးထားကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီလောက်များပြားတဲ့ လက်နက်ပစ္စည်းတွေကို လူတယောက်တည်း တရားဝင် ဝယ်ယူပိုင်ဆိုင်ခွင့် ပေးထားတာကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်တဲ့ လက်နက်အရေအတွက်ထက် အများကြီးပိုနေပြီလို့ ပြောရမှာပါပဲ။ ပုလိပ်တပ်ဖွဲ့ရဲ့ အဆိုအရ ပက်ဒေါ့ဟာ အဲဒီလက်နက်နဲ့ ကျည်ဆန်တွေ ပေါက်ကွဲပစ္စည်းတွေကို နီဗားဒါး၊ ကယ်လ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ ယူတာပြည်နယ်တွေမှာ ဝယ်ယူခဲ့တာဖြစ်ကြောင်း နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအရ သိရှိခဲ့ရပါတယ်။

ပုလိပ်တပ်ဖွဲ့က ပက်ဒေါ့ဟာ ဒီပစ်ခတ်တိုက်ခိုက်မှုကို တယောက်တည်း လုပ်ခဲ့တာဖြစ်ပြီး ဘာအကြောင်းကြောင့် ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ အန္တရာယ်ရှိတဲ့သူတဦး ဖြစ်တယ်ဆိုတာ ပြသနိုင်တဲ့ ရာဇဝတ်မှုနောက်ကြောင်း မရှိသလို စုံစမ်း သတင်းရရှိထားတာလည်း မရှိခဲ့ပါဘူး။ သူဟာ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကွာရှင်းပြီးဖြစ်တဲ့ အိမ်ထောင် ၂ ဆက် ရှိခဲ့ပါတယ်။ သားသမီး မရှိပါဘူး။ သူ့ရဲ့ညီနဲ့ တခြား သူနဲ့ရင်းနှီး အဆက်အသွယ်ရှိခဲ့သူတွေရဲ့ အပြောအရတော့ သူ့မှာ ဘာသာရေး၊ နိုင်ငံရေးအရ ဆက်စပ်တွဲဖက်ဆောင်ရွက်မှုလည်း မရှိတဲ့ သာမန်လူတယောက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုလူတယောက်ဟာ ဒီလောက်ရက်စက်ဆိုးဝါးတဲ့ အစုလိုက် အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုမျိုးကို ဘာကြောင့်ကျူးလွန်တာလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်နိုင်ရင် လူ့အဖွဲ့အစည်းအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ သတိထား၊ တားဆီးရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တခုကတော့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပျက်ခဲ့ပြီးဖြစ်တဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်တိုင်း လက်နက်တွေကို ပိုပြီး ထိန်းချုပ်ဖို့၊ ဥပဒေပြင်ဆင်ဖို့ အောက်လွှတ်တော်မှာ ကြိုးစားတဲ့အခါတိုင်း ကန့်ကွက်ခဲ့တဲ့ အမျိုးသား ရိုင်ဖယ်အသင်းကြီးအနေနဲ့ ရန်ပုံငွေတွေ ပိုရှာဖွေပြီး ဥပဒေပြင်ဆင်ရေးကို ကန့်ကွက်ဖို့ အောက်လွှတ်တော်အမတ်တွေကို စည်းရုံးသိမ်းသွင်း ကန့်ကွက်တာမျိုးတွေ ဆက်မလုပ်ဘဲ အတိုင်းအတာတခုအထိ ပိုပြီး တင်းကျပ်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လက်ခံလိုက်ဖို့ သဘောထားတွေကို နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ပြောင်းလဲကြဖို့ လိုအပ်နေပြီလို့ ပြောရမှာပါပဲ။

အမေရိကန်သမ္မတကတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ကတော့ အခု လတ်စ်ဗီးဂတ်စ် ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာ တန်ခိုးထွားလှတဲ့ အမျိုးသား ရိုင်ဖယ်အသင်းကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့ပြီး “ကျမတို့ ဝမ်းနည်း ကြေကွဲနေရုံနဲ့ မလုံလောက်ပါဘူး။ ကျမတို့ဟာ နိုင်ငံရေးကို ဘေးဖယ်ထားပြီး အမျိုးသား ရိုင်ဖယ်အသင်းကြီးကို ဆန့်ကျင်နိုင်ရင် ဆန့်ကျင်ရပါလိမ့်မယ်။ အတူတူ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ရအောင် တားဆီးဖို့ ကြိုးစားကြရပါလိမ့်မယ်” လို့ အမေရိကန်နိုင်ငံသားတွေကို ပြောကြား တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာတဝှမ်းက ပြည်သူတွေ လက်နက်အမျိုးမျိုးကို အသုံးပြုပြီး အပြစ်မဲ့ ပစ်ခတ်သတ်ဖြတ်ခံနေရတဲ့ အဖြစ်မျိုးတွေက ကင်းဝေးအောင် လက်နက်ကိုင် အကြမ်းဖက်သူတိုင်းကို ဆန့်ကျင်ကန့်ကွက်ကြရပါလိမ့်မယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013