DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ ၇ ထုတ်ပေးရာတွင် တရားမ၀င်ဖြစ်နေဟု လယ်သမားများပြော
DVB
·
October 8, 2017
လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ ၇ ထုတ်ပေးရာတွင် တရားမ၀င်ဖြစ်နေဟု လယ်သမားများပြော
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက ကြခတ်ကွင်းကျေးရွာအုပ်စုမှာ  ငွေကြေးပေးခဲ့ရပေမယ့် လယ်ယာမြေ လုပ်ကိုင်ခွင့်ပုံစံ(၇) ထုတ်ပေးရာမှာ တရားမဝင် ဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ကြခတ်ကွင်းကျေးရွာအုပ်စုထဲမှာ လယ်သမားဦးရေ ၁၀၀၀ ကျော်ရှိပြီး အဲဒီအထဲက လယ်သမား ၃၀၀ ကျော်မှာ လယ်ယာမြေ လုပ်ကိုင်ခွင့်ပုံစံ (၇) ပြုလုပ်ရာမှာ ငွေကြေးတွေ တောင်းထားပေမယ့် တရားမဝင်ဖြစ်နေလို့ စိုက်ပျိုရေးဘဏ်က ချေးငွေမရတာတွေ ဖြစ်နေကြတာပါ။

လယ်ယာမြေဥပဒေသစ်ကို ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲလာတာကြောင့် လယ်ယာမြေ လုပ်ကိုင်နေသူတွေကို ၂၀၁၃ ခုနှစ်မှာ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) စတင်ထုတ်ပေးခဲ့ပါတယ်။

အဲဒီလို ပြုလုပ်ရာမှာ အခုကြခတ်ကွင်းကျေးရွာအုပ်စုထဲက လယ်သမားတွေကတော့ မြေစာရင်းဦးစီးဌာနက ကွင်းဆင်းတိုင်းထွာချိန်တွေမှာ တဧကကို ၅၀၀၀ ကျပ်ပေးခဲ့ရတာတွေနဲ့ ပုံစံ (၇) စာရွတ်ထွက်လာချိန်တွေမှာ တရွက်ကို ၅၀၀၀၊ ၁၀၀၀၀ ကျပ်ပေးခဲ့ကြရတာပါ။

အမှန်တကယ်အစိုးရက သတ်မှတ်တာကတော့ လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံစံ (၇) တရွက်ကို အပြီးအထိ ၅၀၀ ကျပ်ပဲ ပေးဆောင်ရတာပါ။ ဒါပေမယ့် လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) စာရွက်က အစိမ်းရောင်ဖြစ်ပါတယ်။ အခုကြခတ်ကွင်းက လယ်သမား ၃၀၀ ကျော်ကတော့ ပုံစံ (၇) စာရွက်အဖြူတွေ ဖြစ်နေတာတွေကြောင့် စိုက်ဘဏ်က ချေးငွေထုတ်မချေးဘဲ ဖြစ်နေပါတယ်။

လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇)စာရွတ်ထွက်ရှိဖို့အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တွေဆီမှာ အရင်ဦးဆုံး ပုံစံဖြည့်သွင်းရပါတယ်။ အဲဒီလို ဖြည့်သွင်းထားတာကို ကျေးရွာ လယ်ယာမြေစိစစ်ရေးကော်မတီက စစ်ဆေးပြီး မြို့နယ်အဆင့်ကို တင်ရပါတယ်။

မြို့နယ်အဆင့်က လယ်ယာမြေစီစစ်ရေးကော်မတီက ကွင်းဆင်းတိုင်းတွာစစ်ဆေးပြီး မှန်ကန်တဲ့ လယ်သမားတွေကို လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ(၇) ထုတ်ပေးချိန်တွေမှာ လယ်သမားတွေဆီက နည်းမျိုးစုံတွေနဲ့ ငွေကြေးတောင်းယူတာတွေ ပြုလုပ်ထားတာပါ။

အင်္ဂပူမြို့နယ် ကြခတ်ကွင်းကျေးရွာနေ ကိုဝေဖြိုးအောင်က“ကျနော်တို့က တရားဝင်တဲ့ ဟာပဲ လိုချင်တယ်။ ကျနော်တို့လယ်တွေ တိုင်းတုန်းကလည်း မြေတိုင်စာရေးရော ဥက္ကဋ္ဌရော ကျနော်တို့ဆီက စာရေးတွေရော အကုန်လုံးပါတယ်။ သူတို့ တဧကကို ၅ ထောင်ပေးပြီး တိုင်းရတယ်။ အခုရလာတော့လည်း ပုံစံ(၇) အဖြူပဲ ရတယ်။ သူများနည်းတူ စိုက်စားရိတ်လိုချင်တယ်”လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ် ကြခတ်အုပ်စုနေ ကိုအောင်အောင်က “ကျနော်တို့အုပ်စုမှာ လယ်သမားတွေ တထောင်ကျော်ရှိတဲ့ အထဲက ကျနော်တို့လို အခုပုံစံ(၇)အဖြူတွေရှိထားတဲ့ လူတွေက သုံးရာကျော်လောက်ဖြစ်နေတယ်။ လုပ်တုန်းကလည်းငွေပေးထားပေမယ့် ဘဏ်သွားထုတ်တော့ တရားမဝင်ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ် ကြခတ်ကွင်းကျေးရွာနေ ကိုမည်းကြီး က “ကျနော်တို့ကတော့ မိုးဆောင်း ဘဏ်ငွေထုတ်ချင်တယ်။ အခုပုံစံ(၇)ကို တရားဝင်ဖြစ်အောင် သက်ဆိုင်ရာကနေ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

အခုလိုတွေ ဖြစ်နေတာတွေကို လယ်သမားတွေ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးဆီကို စာတင်တိုင်တန်တာတွေ ပြုလုပ်ထားပေမယ့် အခုနေအထိ စစ်ဆေးတာတွေ မလုပ်ဆောင်နိုင်သေးပါဘူး။

အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က “ကျနော်တို့ အခုကိစ္စကို ကြားတာတပတ်လောက်ပဲ ရှိသေးပါတယ်။ စာတင်တာက မြို့နယ်အုပ်ချုပ်ရေးမှူး ဆီကို လိပ်မူတင်ထားကြတာ။ ဒါကို ဒီနေ့ အစည်းအဝေးရှိတယ်။ တခါတည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးတို့ကို မေးမယ်။ မှန်မှန်ကန်ကန်လုပ်ဖို့ ဖိအားပေးမယ်”လို့ ပြောပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013