မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
October 8, 2017

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ဆိုင်ကယ်တစီးနဲ့တစီး ချိတ်မိ လဲကျပြီးနောက် ကားကြိတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၀/၆နဲ့ ၇ အကြား အောက်တိုဘာ ၇ ရက် မနက်ပိုင်းက မိတ္ထီလာကနေ ကျောက်ပန်းတောင်းဘက် ဦးခင်မောင်စိန်မောင်းပြီး နောက်ခုံမှာ သမီးဖြစ်သူ မမြသန်းနွဲ့ လိုက်ပါလာတဲ့ ဆိုင်ကယ်လက်ကိုင်အား နောက်မှကျော်တက်တဲ့ ဆိုင်ကယ်က ချိတ်ဆွဲသွားပြီးနောက် ဝဲဘက်ကို လဲကျစဉ် မျက်နှာချင်းဆိုင်က ကျော်မင်းလတ် မောင်းနှင်လာတဲ့ ကုန်တင်ကားက တက်ကြိတ်မိတာပါ။
ကားနဲ့ကြိတ်မိလို့ ဦးခင်မောင်စိန် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အဝေးသင်တက္ကသိုလ်ကျောင်းသူလည်း ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
မြို့မရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက "ဦးခင်မောင်စိန်ရဲ့ ဦးခေါင်းကြေသွားတယ်၊ သမီးဖြစ်သူ မမြသန်းနွဲ့ကတော့ ဝဲလက်မောင်းနဲ့ ယာတင်ပါး နာကျင်ဒဏ်ရတယ်၊ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်၊ ထွက်ပြေးတဲ့ဆိုင်ကယ်ကို စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက ကျော်မင်းလတ် နဲ့ ထွက်ပြေးသွားတဲ့ ဆိုင်ကယ်မောင်းသူ (စုံစမ်းဆဲ) ကို လူသေမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၂၀၂ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)