အမေရိကန် ပြန်လာပြီလို့ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ပ်က အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန် အမျိုးသားရင်ပြင်မှာ ကျင်းပတဲ့ပွဲကို ကြီးကျယ်တဲ့ အမေရိကန်ပြည်ထောင်စုပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထရမ့်ပ်က အမေရိကန် ပြန်လာပြီလို့ ပြောခဲ့တာပါ။
ဘယ်နိုင်ငံမှာမှ မတွေ့ဘူးတဲ့ မေ့မရတဲ့ မွေးနေ့ပါတီ ဖြစ်တယ်လို့ ထရမ့်ပ်က ဖွင့်ပွဲမှာ ပြောဆိုထားပါတယ်။
ထရမ့်ပ်က “အမေရိကန်ပြည်ထောင်စုလို ဘယ်နိုင်ငံကမှ မကြီးကျယ်ဖူးပါဘူး။ အမေရိကန်ပြည်ထောင်စုကို အရင်ကထက် ပိုကြီးပြီး၊ ပိုအင်အားတောင့်တင်းတဲ့ နိုင်ငံဖြစ်အောင် ကျနော်တို့ အတူတကွ လုပ်ဆောင်ရမှာပါ။ ဒီနေ့မှာ ကျနော်တို့နိုင်ငံက ကမ္ဘာမှာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး စစ်ရေးအင်အား အတောင့်တင်းဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ နည်းပညာပိုင်းမှာလည်း ကမ္ဘာ့စွမ်းအားအမြင့်ဆုံး နိုင်ငံတခုဖြစ်သလို အကြီးကျယ်ဆုံး ယဉ်ကျေးမှုလည်း ရှိတဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး လူသားတွေပါ။ ဒီနေ့ ကျနော်တို့ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၂၅၀ ပြည့်ခဲ့ပြီး ဖြစ်ပြီး အမေရိကန်ပြန်လာပြီဆိုတဲ့ စကားလုံးကို ဝမ်းသာအားရ ကျနော် ကြေညာပါတယ်” လို့ ပြောပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ B2 ဗုံးကြဲလေယာဉ်တွေနဲ့ F-35 ဂျက်လေယာဉ်တွေ ပျံသန်းပြီး ဖွင့်လှစ်ခဲ့တာလည်း တွေ့ရပါတယ်။
ဇွန် ၂၅ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ၁၆ ရက်ကြာ ပြုလုပ်မဲ့ ဒီပြပွဲမှာ အမေရိကန်ပြည်နယ်နဲ့ နယ်မြေ ၅၆ ခုစလုံးက ရိုးရာယဉ်ကျေးမှုတွေ၊ တီထွင်ဆန်းသစ်မှုနဲ့ ဖျော်ဖြေပွဲတို့ ပါဝင်မှာ ဖြစ်ပါတယ်။










