တိုက်ပွဲကြောင့် နှစ်နိုင်ငံ ၀င်ထွက် ရပ်ဆိုင်းသွားသည့် ရန်လုံကျိုင်းဂိတ် ပြန်စည်ကားလာ
ခွန်ဇော်ဦး
·
October 7, 2017

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ၀င်ထွက်မှုခဏရပ်ဆိုင်းသွားတဲ့ ကိုးကန့်ဒေသ၊ ရန်လုံကျိုင်းဂိတ်မှာ ပြန်စည်ကားလာနေပါတယ်။
ဒီနှစ်မတ်လပိုင်းအတွင်းက MMDAA ကိုးကန့်တပ်တွေ ၀င်ရောက်တိုက်ခိုင်ခဲ့လို့ မြန်မာ-တရုတ် နှစ်နိုင်ငံကူးသန်းသွားလာမှု ခတ္တရပ်ဆိုင်းသွားခဲ့ရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းက ရန်လုံကျိုင်းနယ် စပ်စစ်ဆေးရေးဂိတ်မှာ နှစ်နိုင်ငံဝင်ထွက်သွားလာသူ နေ့စဉ် ၅၀၀ ကျော်ရှိနေပြီလို့ နယ်စပ်စစ်ဆေးရေးစခန်းတာဝန်ခံတစ်ဦးက ဒီဗီဘီကိုပြောပါတယ်။
“ပြီးခဲ့တဲ့လပိုင်းက စတင်ပြီး ကျနော်တို့ မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကိုသွားတဲ့သူ ၃၀၀ ၀န်းကျင်ရှိတယ်။ တရုတ်ဘက်ကနေ မြန်မာဘက်ကိုလာတဲ့သူလည်း ၃၀၀ ကျော်ရှိတယ်။ နေ့စဉ် ၀င်ထွက်သူစာရင်းအနေနဲ့ ၅၀၀ ၀န်းကျင်ရှိတယ်လို့ပြောရမှာပဲ။ ဒါက တရားဝင်နယ်စပ်ဂိတ်ကနေ သွားလာသူ စာရင်းပေါ့” လို့ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ အမှတ်(၇)၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်စစ်ဆေးရေးစခန်းတာဝန်ခံတဦးကပြောပါတယ်။
လောက်ကိုင်မြို့နယ်က တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နေရာအကျယ်အ၀န်းက ရှည်လျားတာကြောင့် နယ်စပ်မျဉ်းတစ်လျောက်ကနေ တရားမ၀င် ၀င်/ထွက် သွားလာသူတွေလည်း ရှိနေပါတယ်။
ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ဂိတ်အနီးမှာရှိတဲ့ လ.၀.ကရုံး၊ ရဲတပ်ဖွဲ့စခန်းနဲ့ ဈေးဆိုင်ခန်းတွေ အများအပြားပျက်ဆီးခဲ့ပါတယ်။
စစ်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ ဌာနဆိုင်ရာစခန်းတွေကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြင်ဆင်စရိတ်တင်ထားပေးမယ့် အခုလက်ရှိချိန်ထိ ကျမလာသေးတာကြောင့် ကိုယ်ထူကိုယ်ထပြုပြင်နေကြရပါတယ်။
“ကျနော်တို့ ရန်လုံကျိုင်းဂိတ်မှာရှိတဲ့ လ.၀.က ရုံးနဲ့ ရဲစခန်းကို အခု ကိုယ်ထူကိုယ်ထ စိုက်ပြီးပြင်နေရပါတယ်။ သက်ဆိုင်ရာကို ပြင်ဆင်စရိတ်တင်ထားပေးမယ့် ကျမလာသေးဘူးဘူး” လို့ ရန်လုံကျိုင်းရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲအရာ ရှိတဦးကပြောပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ အမှတ်(၇)၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်စစ်ဆေးရေးစခန်းကို ပြုပြင်နေတာကြောင့် စခန်းအနီးမှာရှိတဲ့ ကုမ္မဏီအဆောက်အဦးတခုမှာ ယာယီစခန်းဖွင့်ထားရပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခွင်လုံးကို တစ်ကျော့ပြန်တိုက်ပွဲတွေ စဖြစ်ပွားတဲ့ ၂၀၁၅ ခုနှစ်ဖေဖ၀ါရီလပိုင်း ကတည်းက ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာ အခုအချိန်ထိပါပဲ။
ကိုးကန့်ဒေသမှာ တစ်ကျော့ပြန် တိုက်ပွဲတွေ စဖြစ်တဲ့အချိန်က ကိုးကန့်နယ်တစ်ခုလုံးမှာ နေထိုင်တဲ့ ဒေသခံတွေအပြင် ရွေ့ပြောင်းလုပ်သားတွေပါ ကိုးကန့်နယ်ကိုစွန့်ခွာပြီး တရုတ်နိုင်ငံဘက်အခြမ်းနဲ့ စစ်နဲ့ဝေးရာမြန်မာပြည်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ပွဲတွေကြောင့် အရပ်သားတွေ သေကျေပျက်စီးတာ၊ ပညာရေးဝန်ထမ်းတွေ ပျောက်ဆုံးတာ၊ ပြည်သူလူထုတွေရဲ့ ကျေးရွာတွေနဲ့ နေအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်က ဖြစ်ပွားတဲ့ တိုက်ပွဲတွေ တည်ငြိမ်းလို့ မကြာခင်မှာပဲ ၂၀၁၇ ခုနှစ် မတ်လပိုင်းမှာ ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ တကျော့ပြန် လူသူကင်းမဲ့သွားရပြန်ပါတယ်။
အခုလက်ရှိအချိန်မှာတော့ လောက်ကိုင်မြို့ပေါ်မှာရှိတဲ့ လောင်ကစားရုံ၊ ဟိုတယ်၊ ပြည်တန်ဆာခန်း၊ ကား/ဆိုင်ကယ်ဝပ်ရှော့၊ ယာဉ်လိုင်းဂိတ်နဲ့ ဈေးဆိုင်ခန်းတွေ၊ ပြန်လည်ဖွင့်လှစ်နေကြပြီး လူတွေလည်း စည်ကားနေတာတွေ မြင်ရပါတယ်။
မြို့ပြင်ရပ်ကွက်တွေမှာရှိတဲ့ ဈေးဆိုင်ခန်းတွေနဲ့ နေအိမ်အများစုကတော့ ပိတ်ထားဆဲပါ။ ဒါ့အပြင် ဒေသတွင်းတည်ငြိမ်မှု မရှိသေးတာကြောင့် ရဲတပ်ဖွဲ့စခန်းတချို့နဲ့ စာသင်ကျောင်းပေါင်း ၄၀ ကျော် ပိတ်ထားရဆဲဖြစ်ပါတယ်။
ပေးပို့ - ခွန်ဇော်ဦး