DVB Logo
Home
မြန်မာသတင်း
စည်းကမ်း ဖောက်ဖျက်သည့် သံလွင်ဈေးက ငါးဒိုင်များကို ပိတ်သိမ်းမည်
DVB
·
October 7, 2017
စည်းကမ်း ဖောက်ဖျက်သည့် သံလွင်ဈေးက ငါးဒိုင်များကို ပိတ်သိမ်းမည်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်ဈေးမှာ ရောင်းချနေတဲ့ ငါးဒိုင်တွေအနေနဲ့ စည်းကမ်း ဖောက်ဖျက်ရင် ပိတ်သိမ်းမယ်လို့ စည်ပင်က ပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်ဈေးမှာ ရောင်းချနေတဲ့ ငါးဒိုင်တွေက ငါးညှီအနံ့ဆိုးတွေကြောင့် ဘေးပတ်ဝန်းကျင် ခရီးသွားပြည်သူတွေကို ထိခိုက်စေတဲ့အတွက် ငါးဒိုင်တွေကို ကျောက်တန်းစက်ရုံစု နယ်မြေဘက်ကို ပြောင်းရွှေ့ဖို့ မူလက စီစဉ်ခဲ့ပေမယ့် မြေနေရာ အခက်အခဲကြောင့် မပြောင်းရွှေ့ဖြစ်တော့ဘဲ မူလဈေးကိုသာ အဆင့်မြှင့်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအခါမှာ ငါးဒိုင်တွေကို ငါးညှီအနံ့တွေ မထွက်စေဖို့နဲ့ ရေမြောင်းတွေ ရေစီး ရေလာ ကောင်းအောင် လုပ်ဆောင်ပေးဖို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားထားပြီး စည်းကမ်းဖောက်ဖျက်တဲ့ ငါးဒိုင်တွေကို ရောင်းချခွင့် ပိတ်သိမ်းသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။

“အရင် သံလွင်ဈေးကိုပဲ ရေဆိုး ရေညစ်တွေ စနစ်တကျ စီးဆင်းအောင် လုပ်တဲ့စနစ်နဲ့ လုပ်ဖို့ လျာထားပါတယ်။ ဒီအစီအမံ အောင်မြင်ရင်တော့ လာမယ့် ၁၇-၁၈ ဘတ်ဂျက် မတ်လ ၃၁ ရက်အတွင်းမှာ အပြီး ဆောင်ရွက်ရမှာပါ။ စည်ပင်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာရင် သူတို့ကို ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူတာတို့၊ ဘယ်နှရက် ပိတ်မယ်တို့၊ ဘယ်နှပတ် ပိတ်မယ်တို့ စသဖြင့် အရေးယူမယ်။ သူ့စည်းကမ်းနဲ့အညီ လိုက်နာ ဆောင်ရွက်နိုင်အောင် ကိုယ့်ဘက်က စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးရမှာပါ။”

သံလွင်ဈေးကို မြှင့်တင်ဖို့ စည်ပင်သာယာ ဘတ်ဂျက်ငွေ စုစုပေါင်း သိန်း ၈၅၀၀ ကျော် အသုံးပြုမှာ ဖြစ်ပါတယ်။

အရင်လို ငါးညှီနံ့တွေကြောင့် ပြည်သူလူထုက တိုင်ကြားမှုတွေ ရှိလာပါက ကျောက်တန်းဘက်ကို ပြောင်းရွှေ့ရမယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က သူ့ရဲ့လူမှုကွန်ရက်မှာ ပြောကြားထားပြီး လက်ရှိမှာ သံလွင်ဈေးက ငါးဒိုင်တွေအနေနဲ့ စည်ပင်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ ငါးဒိုင်တချို့က ပြောပါတယ်။

အေဂျီငါးဒိုင်မှ ဆိုင်ရှင် ဒေါ်တင်တင်ရီက “သန့်သန့်ရှင်းရှင်းလေးနဲ့ ရေသွား ရေလာ ကောင်းပြီး အနံ့အသက် မထွက်အောင် အစ်မတို့ကို ညွှန်ကြားထားတယ်။ ညွှန်ကြားတဲ့အတိုင်း လုပ်မယ်လို့ ငါးဒိုင်အားလုံးက တာဝန်ယူပြီး ပြောထားကြတာပေါ့။ အကုန်လုံးကတော့ လိုက်နာကြဖို့ ဆုံးဖြတ်ထားပြီးကြပါပြီ။ ချောင်းနဲ့လည်း နီးတာ ဖြစ်တဲ့အတွက် ရေသွား ရေလာ ကောင်းတဲ့ မြောင်းကောင်းကောင်းလုပ်ပြီးတော့ ချောင်းထဲကို ရေတွေ ပေးသွားလိုကမယ်ဆိုရင် အနံ့အသက်က အားလုံးကောင်းသွားမှာပါ”လို့ ပြောပါတယ်။

ကျောက်တန်းဘက်ကို ပြောင်းရွှေ့ရပါက လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် အဆင်မပြေမှုတွေ ရှိတယလို့လည်း ပြောပါတယ်။

မော်လမြိုင်မြို့မှာ ငါးအဝယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့်ရှိနေပြီး ငါးဒိုင်တွေရဲ့ ငါးညှီနံ့တွေးကြောင့် ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသဖြင့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က သထုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက ကျောက်တန်းဘက်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက သံလွင်ဈေးက ငါးဒိုင်တွေရဲ့ အခြေအနေကို ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013