DVB Logo
Home
မြန်မာသတင်း
မီဒီယာလောက၌ ကိုယ်ကျိုးရှာတောကြောင်များ ဝင်ရောက်နေဟု အစိုးရ အာဘော်သတင်းစာ ဝေဖန်
DVB
·
October 6, 2017
Donate to DVB

မြန်မာသတင်းသမားအချို့တို့ ကျွမ်းကျင်မှုနဲ့ ကျင့်ဝတ်ပိုင်း ရိုးသားစွာ အားနည်းမှုတွေ ဖြစ်ပေါ်ခဲ့ကြသကဲ့သို့ သတင်းမီဒီယာလောကအတွင်း ကိုယ်ကျိုးရှာသူ တောကြောင်တွေက ခေါင်းမြီးခြုံ ဝင်ရောက်လာကြတယ်လို့ အစိုးရ အာဘော် မြန်မာ့အလင်းသတင်းစာက ဝေဖန် ရေးသားလိုက်ပါတယ်။

ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာအာဘော်ကနေ “သတင်းသမားတို့၏ ကျင့်ဝတ်နှင့် တာဝန်” အမည်နဲ့ ရေးသားဖော်ပြလိုက်တာ ဖြစ်ပြီး ဘယ်မီဒီယာတွေမှာ ဘယ်သူတွေ ခုလို ဝင်ရောက်နေတယ် ဆိုတာကိုတော့ တိတိကျကျ ရေးသားထားခြင်း မရှိပါဘူး။

“မြန်မာ့သတင်းစာလောကသည် ရာစုနှစ်ဝက်တခုစာ ကာလခန့် နေနှင့်လတို့ကို ရာဟု ဖမ်းသည့်နှယ် အမှောင်ကျခဲ့ရာမှ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်နှင့် စံနှုန်းတို့ ပျောက်ဆုံးခဲ့ရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံဘဝတွင်မူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်နှင့်အတူ စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍသည်လည်း ပြန်လည်အရေးပါလာသည့်အလျောက် သတင်းလောကနှင့် သတင်းသမားတို့ ပြန်လည်ရှင်သန် နိုးထသည့် ကာလသို့ ရောက်ရှိလာသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် စတုတ္ထမဏ္ဍိုင်မှာလည်း နုနယ်သေးသည့်အလျောက် သတင်းသမားအချို့တို့ ကျွမ်းကျင်မှုအပိုင်း၊ ကျင့်ဝတ်အပိုင်းတို့တွင် ရိုးသားစွာ အားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြသကဲ့သို့ သတင်းမီဒီယာလောကအတွင်း ကိုယ်ကျိုးရှာသူ တောကြောင်များကလည်း ခေါင်းမြီးခြုံ ဝင်ရောက်လာကြသည်။”လို့ သတင်းစာမှာ ရေးပါတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားတို့ရဲ့ အလုပ်မဟုတ်တဲ့ စစ်ဆေးရှာဖွေ ဖမ်းဆီးတာ၊ ခြိမ်းခြောက် ငွေညှစ် အမှုပွဲစား လုပ်တာ၊ ထောက်လှမ်းရေးနဲ့ ပုံမှားရိုက် စားကွက်ထွင်တာ စတဲ့ ကျင့်ဝတ်သိက္ခာ ကင်းမဲ့စွာပြုလုပ်ကြပြီး သတင်းမီဒီယာလောကနဲ့ သတင်းသမားတို့အပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားမှု၊ စိတ်ငြိုငြင်စေတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

သတင်းစာဆရာတိုင်းဟာ မိမိရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ စိတ်ဓာတ်၊ တိုင်းပြည်အတွက် မသင့်လျော်တဲ့ အချက်အလက်တွေကို ပြုပြင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ အမြဲမွေးမြူထားနိုင်မှသာ သတင်းစာဆရာကောင်း ပီသမယ်လို့ သတင်းစာမှာ ဝေဖန်ထောက်ပြ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013