ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အောက်တိုဘာ ၅ ရက်က စိန့်ပက်ထရစ်ဘုရားကျောင်းရှိ ကချင်စစ်ရှောင်စခန်းနဲ့ အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းစစ်ရှောင်စခန်းတို့ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ရွှေစင်စကြာကုမ္ပဏီတို့က ဆန်အိတ်၊ ဆေးဝါး၊ အဝတ်အထည်၊ စားသောက်ကုန်၊ ကျောင်းသုံးပစ္စည်းတွေ လာရောက်လှူဒါန်းခဲ့ကြပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဗဟိုအမျိုးသမီးကော်မတီနဲ့ ကျန်းမာရေးကွန်ရက် စတင်ဖွဲ့စည်းခဲ့တဲ့ တလအတွင်း ကချင်ပြည်နယ်ကို ပထမဦးဆုံး လာရောက်တာဖြစ်ပြီး မိုးညှင်း၊ နန့်မွန်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့ ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတွေကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗဟိုအမျိုးသမီးအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က “စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေက ဒဏ်အခံရဆုံးပါပဲ။ တိုင်းရင်းသားတွေအတွက် ဦးထိပ်ထား လှူဒါန်းလုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်ကနေ ကား ၃ စီးအဖွဲ့ ၂၄ ဦးနဲ့ စတင် ထွက်ခွာလာကြတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။











