DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ကြိုးတံတားတခု ကြိုးပြတ်ကျ၊ ဒေသခံများကို အရေးပေါ် ကယ်ဆယ်
DVB
·
October 6, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ထဲက ဝဲကြီးကျေးရွာနားမှာ တည်ဆောက်ထားတဲ့ ဖြူးချောင်းကူး ကြိုးတံတားရဲ့ ကြိုးအချို့ အောက်တိုဘာ ၅ ရက်နေ့ ညနေက ပြတ်သွားခဲ့လို့ တံတားပေါ်မှာ သွားလာနေတဲ့ ဒေသခံအချို့ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဝဲကြီးကျေးရွာနေ ပြည်သူအချို့က ပြောပါတယ်။

သံမဏိကြိုးတံတားဟာ ၁၉၉၆-၁၉၉၇ ခုနှစ်မှာ ကျေးရွာဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့တဲ့ သစ်သားတံတားဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကျေးလက်ဦးစီးဌာနရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ သံဘောင်တံတားအဖြစ် ပြန်လည်ပြင်ဆင်ထားတာလို့ ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

"၉၆-၉၇ တုန်းက ကြိုးတံတား တည်ဆောက်ထားပြီးတော့ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်က သိန်း ၂၆၀ ရလား၊ ၃၆၀ ရလား အတိအကျေတာ့ မသိဘူး။ ပြည်သူက အဲတံတားကို အောက်ကြိုးကို မလဲဘူး၊ အပေါ်ကြိုးလည်း မလဲဘူး။ ခင်းပြင်ရယ်၊ သိုင်းကြိုးရယ်၊ သံဇကာတွေလဲပြီး ပြုပြင်လိုက်တာပေါ့။ ပြုပြင်လိုက်တော့ ဒီနေ့မှ ဘုန်းကြီး သွားကန်တော့တော့ လူ သုံး လေးဆယ်လောက် သွားတာ၊ အဲဒီမှာ ဝဲကြီးအနောက်က လမ်းဘက်က ပေ ၂၀ လောက်မှာ တချက်ပြတ်တယ်။ ဒုံးကလစ် တချက် ပြတ်သွားတယ်။ ခန့်မှန်းဆုံးရှုံးမှုကတော့ သိန်း ၂၀၀  လောက်ပေါ့။ ကျေးလက်ဦးစီးဌာနက ပြင်ထားတဲ့ တံတားပါ၊ လူထိခိုက်မှုတော့ မရှိလိုက်ဘူး။ ဆွဲထုတ် ဘာထုတ် လုပ်ရတာပေါ့။ ကြိုးကြားနဲ့ သံဇကာကြားထဲမှာ ညပ်နေကြတာပါ၊ ချောင်းထဲ ကျရင်တော့ သေမှာ ဘာညာတော့ ဖြစ်နိုင်တာပေါ့။ အရပ်က လူ လေး ငါး ခြောက်ဆယ်လောက်က ကူညီခဲ့ရတာပေါ့။ ပွန်းပဲဒဏ်ရာလောက်သာ ရခဲ့တယ်" လို့ ဝဲကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “တံတားက ခံနိုင်ဝန်နဲ့ နှစ်ကာလ ကြာလို့နေမှာပေါ့။ ဖြစ်စဉ်ကတော့ ဘာကြောင့် ဖြစ်တယ်ဆ ဆိုတာတော့ မသိသေးဘူး။ တံတားက ၉၇ က စဆောက်ထားတာဆိုတော့ ကြာတော့ကြာသွားပြီ၊ ၂၀၁၆ မှာ တခေါက် ပြင်တယ်၊ ဝဲကြီးမြောက်ဘက်က ကြိုး ၆ ချောင်းရှိတာ တချောင်း ပြတ်သွားတယ်။ ဝဲကြီးမြောက်ဘက်က တချောင်း စပြတ်ပြီးတော့ ဝဲကြီးရွာဘက်ကလည်း တချောင်း ထပ်ပြတ်သွားတယ်၊ ကြိုးအလယ်ကောင်က ပြတ်တာပေါ့နော်။ ဟိုဘက်က ပြတ်တဲ့အချိန်နဲ့ ဆောင့်ဆွဲလိုက်သလိုဖြစ်ပြီး အရှိန်နဲ့ ပြတ်သွားတာ၊ လူထိခိုက်မှုတော့ မရှိဘူး" လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြူးမြို့နယ် ကျေးလက်ဦးစီဌာနကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
အဆိုပါတံတားမှာ ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာနဲ့ ဝဲကြီးမြောက်ရွာတို့ကို ဆက်သွယ်ထားတဲ့ ဖြူးချောင်းကူးတံတားဖြစ်ကာ တံတား အရှည် ၃၇၀ ပေ၊ အကျယ် ၆ ပေရှိပြီး သံခင်း၊ သံဘောင်ထိန်း၊ လူကူးသံမဏိကြိုးတံတား အမျိုးအစား ဖြစ်ပါတယ်။
တံတားမှာ ကျေးရွာအုပ်စု ၆ အုပ်စုရှိ ရွာပေါင်း ၄၀ မှ ဒေသခံ ၃ သောင်းလောက်နဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ လောက် နေ့စဉ် ဖြတ်သွားလာနေတဲ့ တံတား ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကြိုးပြုတ်ကျသွားတဲ့ သံမဏိကြိုးတံတားအား ယာယီပိတ်ထားကာ အဆိုပါကြိုးတံတား ပြုပြင်စဉ်က ယာယီလုပ်ထားခဲ့တဲ့ သစ်သားတံတားကို အသုံးပြုရမှာဖြစ်လို့ ဒေသခံတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ သွားလာရေးအတွက် စိတ်ချရတဲ့ အခြေအနေ မရှိကြောင်း ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013