သံလွင်မြစ်အတွင်း သဲကျောက် ထုတ်လုပ်ခွင့်ကို တရားဝင်ချထားပေးဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီက ဘားအံမြို့ အမှတ် ၇ ရပ်ကွက် စေတနာ မြစ်သဲကျောက် ရောင်းဝယ်ရေး အရောင်းဆိုင်မှာ ပြုလုပ်တဲ့ မြစ်သဲကျောက်လုပ်ငန်းရှင်နဲ့ စက်လှေ လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ သံလွင်မြစ်အတွင်း တရားမဝင် သဲကျောက် ထုတ်ယူမှု မပြုရေး၊ တဦး တယောက်ကြောင့် အသင်းအဖွဲ့ မထိခိုက်ရေး၊ တားမြစ်နယ်မြေမှာ သဲကျောက် ထုတ်ယူလုပ်ကိုင်မှု မပြုရေး၊ အသင်းအနေနဲ့ တရားဝင် လုပ်ကိုင်ခွင့်ရရှိရေး ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အလုပ်အမှုဆောင်အသစ် ၁၅ ဦးကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
ဘားအံမြို့နယ်မှာ တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရှိ စက်လှေစီး ၆၀ ကျော်၊ သဲကျောက် ရောင်းဝယ် လုပ်ကိုင်တဲ့ လုပ်ငန်းရှင် ၂၀ ဦးကျော် ရှိတယ်လို့ သိရပါတယ်။
ကော့ဂွန်းကျေးရွာ မြစ်သဲကျောက်လုပ်ငန်းရှင် ဦးဌေးအောင်က “ကျနော်တို့ ဖွံ့ဖြိုးရေးအနေနဲ့ ကျေးရွာမှာ အခုစုပ်မယ်ဆိုရင် ခိုးစုပ်တယ်ဆိုတဲ့ သတင်းတွေက ကျနော်တို့တွေ ကျောက် ၁ လှေပြည့်ဖိုးက ၅ နာရီကြာတဲ့အတွက် ဘယ်လို့မှ ခိုးစုပ်တာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဒေသခံကို ဖွံ့ဖြိုးရေးတွေ လုပ်ပြီးမှ အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာက ရပ်မိရပ်ဖတွေနဲ့ ပေါင်းပြီးမှ သွားစုပ်လို့ ရပါတယ်” လို့ ပြောပါတယ်။
မြစ်သဲကျောက်ထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးစိုးသန်းက “လုပ်နေတဲ့နေရာက တရားဝင်ကျောက်ကွက် မဟုတ်ပါ။ နိုင်ငံတော်က ချထားပေးတဲ့ ကျောက်ကွက် မဟုတ်တဲ့အတွက် ကိုယ်ဖြစ်လို့ ကိုယ်ခံရတယ်လို့ သဘောထားရမယ်။ အဓိကကတော့ ကျေးရွာဥက္ကဋ္ဌက ခေါ်စုပ်တယ်။ ဘုန်းကြီးက ခေါ်စုပ်တယ်။ အဖွဲ့အစည်းက ခေါ်စုပ်တယ်။ အခု ပြဿနာဖြစ်လာတဲ့အခါကျတော့ အဖွဲ့အစည်းကလည်း မလာဘူး။ ဘုန်းကြီးကလည်း တာဝန်မယူဘူး။ ကျေးရွာကလည်း တာဝန်မယူဘူးဆိုတော့ ကျနော်တို့ အသင်းက ဘယ်လို တာဝန်ယူပေးလို့ရမှာလဲ”လို့ ပြောပါတယ်။
မြစ်သဲကျောက်ထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြမောင်က “ကျနော်တို့က တရားဝင်ပဲ လုပ်ချင်တယ်။ ဒါမှလည်း ကျနော်တို့ ဘဝလုံခြုံမယ်။ ဒါလေး ကျနော်တို့ အမြဲတမ်း ခေါင်းထဲထည့်ထားဖို့ လိုတယ်။ ပြီးခဲ့တဲ့ ကာလတွေက ကျနော်တို့က အစိုးရအဖွဲ့နဲ့ သိပ်ပြီး မနီးစပ်ဘူးပေါ့နော်။ ဒေသခံတွေကလည်း ဘာပဲလုပ်လုပ် အော်တယ်၊ ပြုတယ်ဆိုတော့ ဒီဟာတွေက ကျနော်တို့ အများကြီး အလုပ်လုပ်ရတာ အခက်အခဲဖြစ်တယ်။ လာမယ့်အချိန် အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ကို ထုတ်လုပ်ခွင့်လေးတွေ လွတ်တဲ့နေရာမှာ ကျနော်တို့ ချပေးဖို့ တောင်းဆိုသွားမယ်။ တရားဝင်လည်းဖြစ်အောင်” လို့ ပြောပါတယ်။
လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ သံလွင်မြစ်အတွင်း တရားဝင် မြစ်သဲကျောက် ထုတ်လုပ်ခွင့်ကို ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စု ဝတ်ကြီးအထက်စုကျေးရွာအနီး ရေအောက် အလျားပေ ၅၀၀၊ အနံပေ ၁၀၀၊ အနက် ၂ ပေ၊ ရေအောက် မြေဧရိယာ ၃ ဒသမ ၄၄ ဧကမှာ ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ် ၃၈/၂၀၁၇ ဆုံးဖြတ်ချက် အပိုဒ် ၁၄ အရ မြစ်ကျောက်ကျင်းရေ ၁၀၀၀ ကို စီမံခန့်ခွဲရေး စရိတ်အဖြစ် ၁ ကျင်းကို ၁၀၀၀ ကျပ်နဲ့ ပြည်နယ်အစိုးရရန်ပုံငွေကို ပေးသွင်းရမှာဖြစ်ပြီး အခွန်ငွေ ၂၅ သိန်းကို သက်ဆိုင်ရာမြို့နယ်မှာ ပေးသွင်းပြီး ထုတ်လုပ်ခွင့်လိုင်စင် ချထားပေးမယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က သံလွင်မြစ်အတွင်း တရားမဝင် သဲကျောက် ထုတ်ယူနေမှုကို တရုတ်လှကျွန်းအနီး နေထိုင်ကြတဲ့ ဒေသခံ ကိုင်းစိုက်တောင်သူ ၄၀ ဦးလောက်က တိုင်ကြားမှုတွေ ရှိခဲ့တဲ့အတွက် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး ထုံးအိုင်နယ်မြေရဲစခန်းနဲ့ ဘားကပ်ကျေးရွာ ရဲကင်းစခန်းတွေက ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်နဲ့ တရုတ်လှ မြေနုကျွန်းအနီးမှာ သဲကျောက် ထုတ်ယူနေတဲ့ စက်လှေ ၁၀ စီးကို ဖမ်းဆီးခဲ့မှု ဖြစ်ခဲ့ပါတယ်။
သတင်း - ရဲမင်းခေါင်











