DVB Logo
Home
မြန်မာသတင်း
အိန္ဒု-ကော့ကရိတ်လမ်းပိုင်း လျော်ကြေးပေးအပ်မှု ဒေသခံအချို့ လက်မခံ
DVB
·
October 5, 2017
Donate to DVB

အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပထမအကြိမ် ဦးစားပေး လမ်းအပိုင်းက ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးအပ်ရာမှာ နစ်နာဆုံးရှုံးမှုများတဲ့အတွက် လက်မခံနိုင်ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။

လျော်ကြေးပေးတာထက် နစ်နာဆုံးရှုံးမှုက များတဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြသွားမယ်လို့ ဘားအံမြို့ ဇွဲကပင်ခန်းမမှာ အောက်တိုဘာ ၂ ရက်နေ့ ညနေ့ ၃ နာရီက လျော်ကြေးပေးအပ်ပွဲ အခမ်းအနားမှာ ကိုမင်းမင်းအောင်(တံတားကျိုးကျေးရွာ၊ ကော့ကရိတ်မြို့နယ်)က ဒီဗွီဘီကို ပြောပါတယ်။

“အစည်းအဝေး ခေါ်တယ်။ ခေါ်တဲ့ပုံစံက ပြောပြတယ်ပေါ့။ သူတို့က ရှင်းလင်းပြတယ်။ အာရှလမ်းဖောက်မယ်။ လျော်ကြေးပေးမယ် ဒီလိုမျိုး ထိုက်ရာတန်ရာ လျော်ကြေးပေးမယ်၊ နစ်နာမှုမရှိအောင် လျော်ကြေးပေးမယ်လို့ ပြောထားကြတယ်။ ဒါပေမယ့် ကျနော်တို့ နစ်နာမှု မရှိအောင် ပေးမယ်လို့လည်း ယုံကြည်တယ်။ နိုင်ငံတော်အစိုးရက ယုံကြည်တယ်။ အခုရလာတဲ့ ရလဒ်ကတော့ ဘယ်လိုပြောမယ်ဆိုတော့ တအားဆုံးရှုံးတယ် ”လို့ ပြောပါတယ်။

ထိခိုက်နစ်နာသူတွေကို ကုမ္ပဏီက တွက်ချက်ပေးတဲ့အတိုင်း လျော်ကြေးပေးခဲ့တာဖြစ်လို့ ပေးတဲ့ဈေးနှုန်းက မနည်းဘူးလို့ ဦးဝင်းလွင် (စီမံကိန်း ဒါရိုက်တာ၊ အင်ဂျင်နီယာချုပ်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန)က ပြောပါတယ်။

“ဒီမှာပေးတဲ့ ဈေးနှုန်းက မနည်းပါဘူး။ ဒါကြောင့်မို့လို့လည်း ပြည်သူက ကျေနပ်ပြီး လက်ခံတာ။ ဒါကို ကျနော်တို့က ကိုယ်ပေးချင်တိုင်းပေးလို့ များချင်တယ်။ များလို့ မရပါဘူး။ နည်းချင်လို့လည်း မရဘူး။ ဒါကိုပဲ သူတို့ တချို့ထင်တာပေါ့နော်။ ကျနော်တို့က ဌာနအနေနဲ့ ပွင်းလင်းမြင်သာမှု မရှိဘူး။ လုပ်ချင်ရာ လုပ်တယ်ဆိုပြီးတော့။ အမှန်က ကျနော်တို့က အေဒီဘီဂိုက်လိုင်းနဲ့ လုပ်တဲ့အခါကျတော့ ကျနော်တို့မှ ဈေးနှုန်းကို တိတိကျကျ မသိသေးဘဲနဲ့ ပြည်သူကို ဘယ်လိုချပြမလဲ။ ချပြလို့လည်း မရဘူး။ အခြေခံတွက်တာက အင်တာနေရှင်နယ်လ် အိတ်စ်စက်ပ်တ်က တွက်တာ။ ကျနော်တို့က သူ့ကို ငှားရတယ်။ မငှားရင် အေဒီဘီက လက်မခံဘူး”လို့ ပြောပါတယ်။

ပထမအကြိမ် ဦးစားပေးလမ်းအပိုင်းမှာ ထိခိုက်နစ်နာသူ ၉၆ ဦးကို လျော်ကြေးပေးအပ်တာ ဖြစ်ပေမယ့် ထိခိုက်နစ်နာမှုများတဲ့အတွက် လျော်ကြေးပေးအပ်တာကို လက်မခံနိုင်တဲ့သူတွေ တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

စီမံကိန်းအတွင်း လျော်ကြေးပေးအပ်ရာမှာ ဦးစားပေးလမ်းပိုင်းဖြစ်တဲ့ အိန္ဒုကျေးရွာကနေ ၂၇.၈ ကီလို မီတာအထိ၊ ၃၅.၇ ကီလိုမီတာကနေ လှိုင်ဝတံတားထိကို ပထမနှစ် စီမံကိန်းရန်ပုံငွေ ကျပ် ၇၄၁ သန်းထဲကနေ ကျပ် ၁၄၁ သန်းကို ပေးလျော်ခဲ့တာဖြစ်ပြီး ကျန် ၈ ကီလိုမီတာကြား လမ်းအပိုင်းမှာ လျော်ကြေးအများဆုံးအပိုင်း ဖြစ်သလို့ တံတားအများဆုံး တည်ဆောက်ရေးအပိုင်း ဖြစ်သလို မိုးတွင်းကာလ တိုင်းတာရေး အခက်အခဲတွေ ကြောင့် လျော်ကြေးပေးအပ်ဖို့ ကျန်ရှိနေသေးတယ်လို့ စီမံကိန်း ဒါရိုက်တာက ပြောပါတယ်။

အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ၆၇ ကီလိုမီတာ စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အာဆီယံ အခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေအဖွဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူ အကုန်အကျခံပြီး CRBC(CHINA ROAD AND BRIDGE CORPORATION) ကုမ္ပဏီက နိုင်ဝင်ဘာလမှာ လုပ်ငန်း စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013