DVB Logo
Home
မြန်မာသတင်း
အမ်အိုယူစနစ်ဖြင့် ထိုင်းနိုင်ငံထဲ ဝင်လာပြီး အလုပ်မရသူ ထောင်ချီရှိနေ
DVB
·
October 5, 2017
Donate to DVB

ထိုင်းနိုင်ငံထဲ တရားဝင်လမ်းကြောင်းကနေ အလုပ်ဝင်လုပ်ဖို့ အမ်အိုယူစနစ်နဲ့ အဆင့်ဆင့် လျှောက်ထားပြီးမှ ရောက်လာခဲ့ပေမယ့် အလုပ်မရှိလို့  အခက်အခဲဖြစ်နေသူတွေ ထောင်ချီရှိနိုင်တယ်လို့ အလုပ်သမား ကူညီရေး မဟာမိတ်အဖွဲ့ (အေအေစီ)က ပြောပါတယ်။

အလုပ်သမားတွေဟာ မြန်မာပြည်မှာရှိစဉ် အလုပ်သမားရှာဖွေရေး အေဂျင်စီတွေကနေ ထိုင်းနိုင်ငံက စက်ရုံ အလုပ်ရုံ၊ ကုမ္ပဏီတွေ၊ အလုပ်ရှင်တွေရဲ့ အလုပ်ခေါ်စာတွေ၊ ထောက်ခံ စာတွေနဲ့ ရန်ကုန်ရှိ မြန်မာအလုပ်သမားရုံးကနေ အမ်အိုယူလက်မှတ်တွေ ရရှိခဲ့တာပါ။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံကို ရောက်လာချိန် တချို့စက်ရုံက အလုပ်သမားတွေ မလိုအပ်တော့တာကြောင့် နောက်ထပ်အလုပ်သစ် ပြန်ရှာရပြီး အလုပ်မရခင်စပ်ကြား အခက်အခဲတွေ ကြုံနေရတာလို့ အေအေစီအဖွဲ့ တာဝန်ခံ ကိုရဲမင်းက  ပြောပါတယ်။

“မြန်မာပြည်မှာတုန်းက အလုပ်ရှိတယ်ဆိုပြီးတော့ စာချုပ်တွေ သွားချုပ်လာတယ်၊ လက်မှတ်တွေ ထိုးတယ်၊ စက်ရုံပုံစံ ပြတယ်၊ နေရာမယ့် နေရာတွေ ပြတယ်၊ အလုပ် လုပ်ရမယ့်ပုံစံတွေ ပြတယ်။ လုပ်အားခ တရက် ဘယ်လောက်၊ အိုတီ (အချိန်ပိုလုပ်ခ) ဘယ်လောက် ဆိုတာတွေ ရှင်းပြပြီးတော့မှ တရားဝင် ခေါ်လာတယ်။ ပြီးတော့ တယောက်ကို  ၅ သိန်းတွေ၊ ၆ သိန်းခွဲတွေ ပေးခဲ့ရတယ်။ တကယ်တမ်း ဒီကိုရောက်လာတော့ သူတို့ပြတဲ့ အလုပ်ရုံက အလုပ်မရှိဘူး၊ ဟိုအလုပ်ရုံကို သွားလျှောက်၊ ဒီအလုပ်ရုံကို သွားလျှောက်၊ ဟိုရုံက မခေါ် ဒီရုံက မခေါ်နဲ့။ ရရင်လည်း ဟိုဘက် ပို့လိုက်၊ ဒီဘက် ပို့လိုက်နဲ့ ရောင်းကုန်လို ဖြစ်နေတာ။ ဒီကြားထဲ စားစရာက အဆင်မပြေဘူး။ အဓိကက တာဝန်ခံပြီး ခေါ်လာတဲ့ အေဂျင်စီမှာ တာဝန်ရှိတာပေါ့။”

အလုပ်မရသေးဘဲ အခက်အခဲဖြစ်နေလို့ အကူအညီတောင်းလာတဲ့ အလုပ်သမားတွေဟာ မဟာချိုင် ထချလုံရပ်ကွက်၊ ဝပ်လန်ဆံတိုက်ခန်းမှာ ၁၅၀ ကျော်၊ အယုဒ္ဒယမှာ ၁၀၀ ကျော်ရှိပြီး အေအေစီရုံးမှာ လာပြီးခိုလှုံနေတာ ၇၀ ကျော်၊ ထိုင်း-မြန်မာသံရုံး အမ်အိုအီးအေအက်ဖ်ရုံးမှာလည်း ၄၀ ကျော် အလုပ်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ဒီပြဿနာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကိုလည်း တင်ပြထားပြီးဖြစ်ကြောင်း၊  ညွှန်ချုပ်အနေနဲ့ ထိုင်းနိုင်ငံရှိ စီအိုင်လက်မှတ်ထုတ်ပေးရေး စခန်းတွေ လှည့်လည်စစ်ဆေးမယ်လို့ သိရကြောင်း ကိုရဲမင်းက ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013