DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမားများ ဖမ်းခေါ်သွားသည့် ဟိန္ဒူအမျိုးသမီးနှင့် ကလေးများ ပြန်ရောက်
DVB
·
October 5, 2017
Donate to DVB

ARSA အကြမ်းဖက်သမားတွေက  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာမှ ဟိန္ဒူအမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦးတို့  မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတယ်လို့ အစိုးရနဲ့တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာသူတွေကတော့ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အကြား ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ ဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးတွေဟာ ဩဂုတ် ၂၅ ရက်က  ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်တွေကို ဘင်္ဂါလီအကြမ်းဖက်သမားတွေက အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ အသက် ၁၅ နှစ်အရွယ် ဟိန္ဒူအမျိုးသမီး ရာခ်ျကူမာရီဟာ လည်ပင်းကို ဓားထောက်ပြီးတော့ ခြိမ်းခြောက်ခံရတဲ့အကြောင်း၊ မိသားစုဝင် ၈ ယောက်မှာ  ၇ ယောက် အသတ်ခံရပြီး ၁ ယောက်ပဲ အသက်ရှင် ကျန်ရစ်တယ်လို့ ပြောတဲ့အကြောင်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

အလားတူ ဟိန္ဒူအမျိုးသမီး မအော်နီကာကကျမတို့ကို တောထဲမှာ နှစ်ည ထားတယ်။ နှစ်ရက်ထားပြီးတော့ သုံးရက်မြောက်မှာ ဘင်္ဂလားဒေ့ရှ်ကို ခေါ်သွားတယ်။ သူတို့က ကျမတို့ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထောက်ပြီး မင်းတို့ကို ဘယ်သူ သတ်လဲလို့ မေးရင် ရခိုင်တိုင်းရင်းသားနဲ့ အစိုးရက သတ်တယ်လို့ ပြောခိုင်းတယ်။ မင်းတို့ရဲ့ မိသားစုတွေကို ရဲက သတ်တယ်၊ တပ်က သတ်ပစ်တယ်လို့ ပြောလိုက်၊ မပြောရင် နင်တို့ကို သတ်ပစ်မယ်။ ကျမတို့လည်း သတ်မှာကို ကြောက်လို့ သူတို့ ပြောခိုင်းတဲ့အတိုင်း ပြောပေးလိုက်ရတာပါ” လို့ ပြောပါတယ်။

အဆိုပါ အမျိုးသမီးတွေ နေရပ်ပြန်လာနိုင်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းကနေ တောင်းခံခဲ့တဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း တဖက်နိုင်ငံ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူဘာသာဝင် ၁၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားရှိပြီး လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013