DVB Logo
Home
Lead Story
ရွေးချယ်မှု ရှားပါးခြင်းနဲ့ အရင်းနှီးကြီးတဲ့ ပေးဆပ်မှုများ
DVB
·
January 7, 2018
ရွေးချယ်မှု ရှားပါးခြင်းနဲ့ အရင်းနှီးကြီးတဲ့ ပေးဆပ်မှုများ
Donate to DVB

မနက်ပိုင်း တန်းဖွင့်ချိန်ဖြစ်တာကြောင့် တိုက်ခန်းတွေရှေ့ စင်္ကြန်လမ်းတလျှောက်  ကျနော် လမ်းလျှောက်နေမိတယ်။ အဲဒီအချိန်မှာ ဘေးတိုက်ခန်းက အကျဉ်းသားတွေစုပြီး တစုံတရာကို ဝိုင်းအုံကြည့်နေတာကို တွေ့ရတယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာတော့ တစုံတခုကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ မျှော်လင့်ချက် ရောင်ခြည်တွေနဲ့ ပျော်ရွှင်မှုတွေက ပေါ်လွင်နေတယ်။

ဒါနဲ့ ကျနော်လည်း သူတို့ရဲ့ပျော်ရွင်မှုကို စပ်စုလိုကြောင်း၊ “ဘာကို စိတ်ဝင်တစား ဝိုင်းအုံကြည့်ပြီး ပျော်ရွှင်နေတာလဲ၊ ကျနော့်ကိုလည်း ပြောပါဦး” ဆိုတော့ အကျဉ်းသားတယောက်က ဂျာနယ်တစောင်ကို လက်ကကိုင်မြှောက်ပြပြီး “ဒီမှာလေ အစ်ကို၊ ဂျာနယ်ထဲမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ ပြစ်ဒဏ်ကို ပြောင်းလဲ ပြင်ဆင်တော့မယ်။ ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ကိုသာ ပြောင်းလဲမယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတော့မယ်ဆိုတဲ့ သတင်းပါလာလို့ ကျနော်တို့ ဖတ်နေတာ" လို့ ပြန်ပြောတယ်။

အဲဒါနဲ့ ကျနော်လည်း “ဒီသတင်းက ဟုတ်ပါတယ်၊ အရင် ပြည်ထဲရေးဝန်ကြီးဟောင်းက သူအနားမယူခင်မှာ လက်ရှိဥပဒေကို ပြန်ပြင်ဆင်ဖို့ လွှတ်တော်ကို တင်သွင်းခဲ့ပြီး လက်ရှိမှာလည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကို ရောက်နေပြီ” လို့ ပြန်ပြောဖြစ်တယ်။ ဒီဥပဒေကိုသာ ပြင်ဆင်လိုက်ပါက လက်ရှိ မူးယစ်ဆေးဝါးသုံးစွဲလို့ ပြစ်ဒဏ်ကျခံနေရသူတွေအတွက် တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်မှာပဲလို့ တွေးမိတယ်။

ကျနော် လမ်းလျှောက်နေတဲ့နောက်ကို အသက် ၄၀ ကျော် အကျဉ်းသားတယောက်က လိုက်လာပြီး စကားပြောပါတယ်။

“နောက်လဆို ကျနော် ဒီအကျဉ်းထောင်ကို ရောက်တာ ၄ နှစ်ပြည့်ပြီ။ ဒီမနက် ဖတ်လိုက်ရတဲ့ သတင်းက ကျနော့်အတွက် မျှော်လင့်ချက်တခု ဖြစ်စေတယ်။ ဒီဥပဒေသာ ပြင်ဆင်လိုက်ရင် ထောင်က စောစောထွက်လို့ရပြီး သားနဲ့သမီးကို အချိန်ပြန်ပေးတော့မယ်။ အရင်အစိုးရ လက်ထက်တုန်းက ပြစ်ဒဏ်တွေကို လေးပုံတပုံ လျှော့ချပေးခဲ့တုန်းကလည်း ကျနော် မပါခဲ့ဘူး။ ကျနော် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျပြီး မကြာခင်မှာပဲ မိန်းမကလည်း ဒီစိတ်နဲ့ ဆုံးသွားခဲ့တယ်။ ၁၁ နှစ်အရွယ် သမီးတယောက်နဲ့ ၅ နှစ်အရွယ် သားတယောက် ကျန်ခဲ့တယ်။ အခု ကျနော့်အမေနဲ့ ကလေးတွေကို ထားခဲ့ရတယ်။ အမေက အသက်ကြီးတဲ့အပြင် ကလေးတွေကိုပါ စောင့်ရှောက်နေရတော့ ထောင်ဝင်စာတောင် ၁ နှစ်မှ တခါလောက်ပဲ လာတွေ့နိုင်တယ်” လို့ ကိုထွန်းအောင်က ပြောပါတယ်။

ကိုထွန်းအောင်ဟာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေထိုင်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသူပါ။

ကျနော်ရောက်ရှိနေတဲ့ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၅၀၀ နီးပါးခန့်ရှိပြီး အများစုက မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ အကျဉ်းကျခံနေရသူတွေ ဖြစ်ပါတယ်။ အကျဉ်းသားတွေထဲမှာလည်း ရှမ်းနဲ့ ပလောင်တိုင်ရင်းသား အများဆုံးဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက်သမားတွေကိုသာ ထားတဲ့ အကျဉ်းထောင် ဖြစ်တာကြောင့် မိရိုးဖလာ မူးယစ်ဆေးသုံးစွဲသူတွေသာ အများဆုံး ဖြစ်တယ်။

“ကျနော် အသက် ၁၄ နှစ်အရွယ် ကျောင်းသားဘဝကတည်းက မူးယစ်ဆေးဝါးကို စသုံးလာတာ။ ကျနော် သိတတ်တဲ့ အရွယ်ကတည်းက ရွာကသူတွေ တော်တော်များများက မူးယစ်ဆေးဝါးကို မြင်နေ တွေ့နေလာရတာ။ ပထမတုန်းက ယာဘဆေးပြားကို စသုံးတယ်။ နောက် ဘိန်းဖြူကို ဆေးဖိုးအပ်နဲ့ အသားထဲ ထိုးသွင်းသုံးစွဲခဲ့တယ်” လို့ လက်က အမာရွတ် အပ်ရာတွေကို မြှောက်ကာ ပလောင်တိုင်းရင်းသား မိုင်အိုက်လုက ပြောပါတယ်။ ထို့နောက် မိုင်အိုက်လုက သူ အဖမ်းခံခဲ့ရပုံကို ဆက်လက်ပြောပါတယ်။

“တနေ့ ယာထဲက ကျနော်အပြန်မှာ ရပ်ကွက်လူကြီးတွေနဲ့ ရဲတွေက မူးယစ်ဆေးဝါး သုံးစွဲသူ ကျော်ဇောသူဆိုပြီး ရဲစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ဆီးစစ်တယ်။ ဆီးကျတယ်ဆိုပြီး ထောင် ၅ နှစ် ကျခဲ့ရတယ်” လို့ သူ့အတိတ်ကို ပြန်ပြောပြခဲ့ပါတယ်။

အကျဉ်းထောင်ထဲကို မူယစ်ဆေးဝါးသုံးစွဲလို့ တဦးတယောက်ချင်းဆီ ရောက်ရှိလာတာထက် အမှုတွဲလို့ခေါ်တဲ့ အနည်းဆုံး ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ၊ ၅ ယောက်တတွဲ ရောက်ရှိလာတာ များပါတယ်။ ကျနော်ရောက်ရှိခဲ့တဲ့ အကျဉ်းထောင်ထဲမှာ သားအဖ အမှုတွဲ၊ တူ ဦးလေးနဲ့ ယောက်ဖ အမှုတွဲနဲ့ ညီအစ်ကိုအရင်း အမှုတွဲများစွာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဘိန်းဖြူ ထွက်ရှိတဲ့ဒေသ ဖြစ်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါး ဈေးပေါပေါနဲ့ လွယ်လင့်တကူ ရရှိနေပါတယ်။ နယ်မြေဒေသ အခြေအနေကလည်း မငြိမ်းချမ်းတာကြောင့် တိုင်းရင်းသားဒေသမှာရှိတဲ့ လူငယ်အများစုဟာ မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်နေတာ မဆန်းလှပါဘူး။

ဖွံ့ဖြိုးမှုနောက်ကျတဲ့ သူတို့ဒေသအတွက်တော့ အရွယ်ရောက်လာရင် တဖက်နိုင်ငံကို သွားပြီး အလုပ်လုပ်ရင်လုပ်၊ မလုပ်ရင် ဈေးပေါပေါနဲ့ လွယ်လင့်တကူ ရရှိနေတဲ့ မူးယစ်ဆေးဝါး သားကောင်ဖြစ်၊ တချို့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေ၊ ဒီလိုနဲ့ပဲ ဘဝတွေဟာ ကုန်ဆုံးစေပါတယ်။ သို့သော် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာမှာတော့ ခုတ်ရာ တခြား၊ ရှရာ တခြား ဖြစ်ပေါ်နေတာကလည်း မေးခွန်းထုတ်စရာ အကြီးမားဆုံး ပြဿနာတခု ဖြစ်နေပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့ နေရာမှာ ထုတ်လုပ်ရောင်းချသူကို ဖမ်းမမိဘဲ သုံးစွဲသူတွေကိုသာ စီမံချက်နဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးနေပြီး မူးယစ်ဆေးဝါးကို ကွန်တိန်နာနဲ့ ဖမ်းမိတဲ့ ဖြစ်စဉ်တွေမှာ ပိုင်ရှင်မဲ့ ဖြစ်နေခြင်းဟာလည်း လက်ရှိမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် သံသယဖြစ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ လက်ရှိအချိန်မှာ အမြင့်ဆုံးကို ရောက်ရှိနေပြီဆိုတာ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိတဲ့ ကိန်းဂဏန်းစာရင်းတွေက သက်သေခံနေပါတယ်။ ၂၀၁၇ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားမှ ဖမ်းဆီးရရှိခဲ့တဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးခဲ့တဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုး ရှိခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၆ မှာ ဖမ်းဆီးဖျက်ဆီးခဲ့တဲ့ တန်ဖိုးထက် ၁၀ ကျော် များပြားခဲ့ပါတယ်။ ဒါတောင် ရန်ကုန်-မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဖျက်ဆီးခဲ့တဲ့ ကိန်းဂဏန်းသာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖမ်းဆီး ဖျက်ဆီးခဲ့တဲ့ စာရင်းတွေ မပါသေးပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါးဥပဒေ ပြစ်ဒဏ်တချို့ဟာ ပြင်းထန်လွန်းတယ်ဆိုတာ ပြီးခဲ့တဲ့လပိုင်းမှာ တနိုင်ငံလုံးက သတိပြုမိခဲ့ကြပါတယ်။ သူကတော့ ဆေးပြား ၃ ပြားနဲ့ အရွယ်နဲ့မလိုက်အောင် ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတဲ့ ၃ ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်ပါ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် လူအများ သတိထားခဲ့မိပေမယ့် သူ့လိုပဲ မူးယစ်ဆေးဝါးသားကောင် ဖြစ်ခဲ့ရပြီး အရွယ်နဲ့မလိုက်အောင် ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ လူငယ် လူရွယ်အများစုဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။

လက်ရှိအချိန်မှာ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် ရေးဆွဲနေပြီး နှစ်ကုန်ပိုင်းမှာ ပြဋ္ဌာန်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။ ပြည်တွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေအတွက် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနဲ့ ဌာနငယ် ၄၇ ခု ဖွင့်လှစ်ထားရှိပြီး မူးယစ်ဆေးဝါး သုံးစွဲသူတွေအတွက် မက်သဒုံး အစားထိုးတိုက်ကျွေးရေးဌာန ၄၆ ခုကိုလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများတဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စကို အမျိုးသားရေးအန္တရာယ်အနေနဲ့ ဆောင်ရွက်တဲ့ နေရာမှာ မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ဒဏ်နှစ်ရှည်ကျပြီး အရေးယူတဲ့ နည်းလမ်းတွေဟာ ပြဿနာရဲ့အဖြေ မဟုတ်ဘူးဆိုတာ ထောင်ဒဏ်နှစ်ရှည်ချပေမယ့် သုံးစွဲသူ မြင့်တက်နေမှုဟာ သက်သေခံနေပါပြီ။

ဒါကြောင့် လွှတ်တော်အနေနဲ့ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းဖို့ လိုအပ်သလို ဆေးသုံးစွဲသူတွေအတွက် ကုသရေးစင်တာတွေကိုလည်း တိုးချဲ့ဖွင့်လှစ်ပြီး ပညာပေး အစီအစဉ်တွေကို လက်ရှိထက် ပိုမိုဆောင်ရွက်သင့်ပါပြီ။ "ဒီဥပဒေကို ပြင်ဆင်လိုက်လို့ ထောင်က ပြန်လွတ်ခဲ့ရင် မူးယစ်ဆေးဝါးကို ပြန်မသုံးတော့ဘူး။ ကျနော် ပေးဆပ်ရတာ များသွားပြီ။ မိန်းမနဲ့ သေကွဲ ခွဲခဲ့ရသလို ကလေးတွေနဲ့ ရှင်ကွဲ ခွဲနေရတယ်" လို့ ကိုထွန်းအောင်က သူ့ရဲ့ နောင်တ တရားကို ဆိုပါတယ်။

ပြည့်ဘုန်းအောင်(သီပေါပြန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013