DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်များရှိ မြေပေါ်လွန်းကျင်းများမှ သစ်တန်ချိန် ၂၀၀ ကျော် ဖမ်းမိ
DVB
·
October 4, 2017
Donate to DVB

မြိတ်မြို့နဲ့ ကျွန်းစုမြို့နယ်တွေက မြေပေါ်လွန်းကျင်းတွေကို သတင်းအရ ဝင်ရောက် စစ်ဆေးရာ တရားမဝင်သစ်တန်ချိန် ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်မြို့နယ် သစ်တော ဦးစီးဌာနမှတာဝန်ရှိသူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ထဲက မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ငါးဖမ်းလှေတွေ တည်ဆောက်ပြုပြင်တဲ့  မြေပေါ်လွန်းကျင်းတွေမှာ တရားမဝင်သစ်တွေ သိုလှောင်ထားတယ်လို့ သတင်းအရ နေပြည်တော်နဲ့ တိုင်းဒေသကြီးရှိ အဆင့်မြင့်အရာရှိတွေ ကိုယ်တိုင် လာရောက်စစ်ဆေးရာ လှေထောင့် ၄ ခုနဲ့ သစ်စက်တချို့မှ သစ်တန်ချိန် ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တာပါ။

“သတင်းပေးပို့ချက်အရ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာပါ။ ဖမ်းဆီးရတဲ့အကြောင်းက ပြည်သူပူးပေါင်းပါဝင်မှုနဲ့ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ကနေရတဲ့ သတင်း ကြောင့် ဖမ်းဆီးရခြင်းဖြစ်ပါတယ်။ စက်တင်ဘာ ၃၀၊ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်နေ့တွေမှာ ဝင်ရောက်ဖမ်းဆီးတာပါ။ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဇေယျ၊ နေပြည်တော်သစ်တောဦးစီးဌာနရုံးချုပ်၊ စစ်ဆေးရေးဌာနက ဒုညွန်မှူး ဦးကျော်မျိုးထွေး ဦးဆောင်တဲ့အဖွဲ့တွေက ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာပါ။ အဲဒီမှာ လှေဒေါင့် ၄ ခုကနေ တရားမဝင် သစ်တန်ချိန် ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တာပါ"လို့ မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့တဲ့ လှေဒေါင့်တွေမှာ မြိတ်မြို့နယ်ရှိ ကျော်ဖြိုးဝင်း လှေဒေါင့်၊ ကျွဲကူးမြေပေါ်လွန်းကျင်း၊ ဧရာနဒီမြေပေါ် လွန်းကျင်းတို့ဖြစ်ပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်ဖြိုးထွန်း လှေဒေါင့်တွေဖြစ်ကြောင်း သိရပါတယ်။

မြိတ်မြို့နယ်မှာ သစ်တန်ချိန် ၁၆၀ ကျော်နှင့် ကျွန်းစုမြို့နယ်မှာ သစ်တန်ချိန် ၃၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသစ်တွေကို ပြုပြင်ဖို့အတွက် လက်သမားတွေက တနိုင်တပိုင် ဝယ်ယူစုဆောင်းထားတဲ့ သစ်တွေ ဖြစ်ပေမယ့်လည်း ဒေသခံတဦးမှ သတင်းပေးပို့တဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သစ်ပိုင်ရှင်ဖြစ်တဲ့ လက်သမားတွေက ပြောပါတယ်။

ဧရာနဒီမြေပေါ်လွန်းကျင်းမှ လက်သမားဆရာ ဦးမင်းနိုင်က “ကျနော်တို့ကို တရားမဝင်သစ်တွေ သိမ်းထားတယ်ဆိုပြီး ခေါင်းစဉ်တပ် လာဖမ်းသွားတာပါ။ ဒီသစ်တွေကို တဦးတယောက်တည်း ပိုင်တဲ့သစ်တွေ မဟုတ်ပါဘူး။ လက်သမား တဦးကို ၂ တန်၊ ၃ တန် စသဖြင့် ပြန်လည်ဝယ်ယူထားတဲ့သစ်တွေပါ။ ကျနော်တို့ တောထဲကနေ သွားခုတ်လာတာ မဟုတ်ပါဘူး။ သစ်ခုတ်တဲ့သူတွေဆီကပဲ ပြန်လည်ဝယ်ယူထားတာပါ။ လုပ်ငန်းရှင်တွေက သူတို့လှေတွေကို ပြုပြင်ဖို့လာအပ်ရင် ဒီသစ်တွေနဲ့ပဲ ကျနော်တို့ ပြုပြင်ပေးရပါတယ်။ လှေဒေါင့်တွေက လေလံအောင်ထားတဲ့ သစ်တွေက ဆွေးမြည့်နေတဲ့အပြင် လုံလောက်မှုလည်း မရှိပါဘူး။ ဒီလိုပဲ ကျနော်တို့ အပြင်က ဝယ်ယူပြီး သုံးစွဲနေရပါတယ်။ အခုဆိုရင် လူတယောက်ရဲ့ သတင်းပေးပို့ချက်အရ လာဖမ်းသွားတဲ့အတွက် လှေဒေါင့် ၄ ခုမှာ အလုပ်သမား ၂ ထောင်လောက် အလုပ်လက်မဲ့ ဖြစ်သွားပါပြီ။ ကျနော်တို့ ဖြစ်ချင်တဲ့ဆန္ဒက သစ်တွေကို တရားဝင် အခွန်ဆောင်ပြီး ဝယ်ခွင့်ပေးပါ။ လှေတွေကို ပြန်လည်ပြုပြင်ဖို့သစ်တွေ လိုအပ်ပါတယ်။ လှေဒေါင့်က လက်သမားအဖွဲ့တွေကို တဖွဲ့ကို တန် ၂၀၊ ၃၀ စသဖြင့် ဝယ်ခွင့်ပေးပါ။ အခွန်ဆောင်ပါ့မယ်။ အခုက ဒီလိုမဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်ရထားတာက လုပ်ငန်းကြီးတွေ ဖြစ်တယ်။ သူတို့လည်း သစ်ထုတ်ပြီး နိုင်ငံခြားပို့ ဟိုပို့ ဒီပို့နဲ့ ကျနော်တို့မြို့က ငါးဖမ်းလှေတွေမှာ ပြုပြင်ဖို့သစ်တွေက ရှားပါးလာနေပြီ။ အခုဆိုရင် အလုပ်သမားတွေနဲ့ မိသားစုဝင်တွေလည်း အတော်လေး ဒုက္ခရောက်နေကြပါပြီ"လို့ ပြောပါတယ်။

သစ်တောဦးစီးဌာနမှ တရားမဝင်သစ်တွေကို ရှောင်တခင် လိုက်လံစစ်ဆေးနေဆဲဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့အထိ တရားမဝင် သစ်တန်ချိန်တန် ၂၀၀ ကျော်ကို ဖမ်းဆီးရမိထားပြီး လက်သမားတွေနဲ့ အလုပ်သမားတွေကို သစ်တောဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013