DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုင်တန်းသူများ လုံခြုံမှုလိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မည်
DVB
·
October 3, 2017
Donate to DVB

အမျိုးသမီးများ အကြမ်းဖက်ခံရမှုအတွက် တိုင်တန်းလာသူ အမျိုးသမီးများအနေနဲ့ လုံခြုံမှု လိုအပ်လာပါက လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

“သူတို့ လုံခြုံမှုဆိုတာ လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးကို လိုအပ်ပါတယ်။ အဲဒီအခါကျတော့ လူမှုဝန်ထမ်းနဲ့ မချိတ်ဆက်လို့ကို မရဘူး။ တကယ် လုပ်ပေးနေတာက လူမှုဝန်ထမ်းကပဲ လုပ်ပေးနေတာ။ ကျမတို့မှာ ရှပ်တာဟုမ်းတွေ မရှိပါဘူး။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ မှန်တယ်။ ဒီအမျိုးသမီးတွေအတွက် ရှပ်တာဟုမ်းတို့ ဆေ့ဟောက်တို့ အများကြီး လုပ်ပေးနိုင်တယ်။ ကျမတို့နိုင်ငံမှာ မလုပ်ပေးနိုင်ဘူး။ ဆရာမဒေါ်ခင်သန်းထွေးရဲ့ ဆေ့ဟောက်လိုဟာမျိုးလေးပဲ မွန်ပြည်နယ်မှာ ရှိတယ်။ ဒါကလည်း လုံခြုံမှုပေးနိုင်မလား ရဲသွားစောင့်ပေးမလား ဆိုတော့လည်း မပေးနိုင်ဘူး။ အစိုးရဌာနအနေနဲ့ လုံခြုံမှုပေးနိုင်တာကတော့ လူမှုဝန်ထမ်းတခုပဲ ရှိတယ်။ ဒီတော့ သက်ဆိုင်ရာ လူမှုဝန်ထမ်းနဲ့ ချိတ်ဆက်ပြီးတော့ ထားပေးမှပဲ ရမယ်။"

အရင်က လွှတ်တော်တွေမှာ တိုင်စာကော်မတီသာ ရှိခဲ့ပေမယ့် အမျိုးသမီးရေးနဲ့ ကလေးသူငယ်အရေးဟာ သီးသန့်ထားဖို့ လိုအပ်တဲ့အတွက် ပြီးခဲ့တဲ့ ၆ လပိုင်းက အစည်းအဝေးမှာ တင်ပြခဲ့ပြီးနောက် အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၃ ဦးနဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က မွန်ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်ပြုံးပြုံးမြင့်က “အဲဒီကော်မတီအနေနဲ့ တိုင်တန်းလာသူ အမျိုးသမီးများထဲက ဆင်းရဲနွမ်းပါးသူတွေအတွက် မှုခင်းဖြစ်လို့ လာတိုင်ကြားတဲ့ အခါ ကျမတို့အနေနဲ့ အခမဲ့လိုက်ပါဆောင်ရွက်ပေးတယ်။ မရှိဆင်းရဲ နွမ်းပါးသူ အကုန်လုံး အတွက် တရားရုံးမှာ စာရွက်စာတမ်းကြေးကအစ လုံးဝတပြားတချပ် မယူပဲနဲ့ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးတယ်။ ပံ့ပိုးမှု ရှိပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့တော့ ၂၀၁၆ ခုနှစ် နောက်ပိုင်းကနေစပြီး အမျိုးသမီးများအတွက် safe house အချို့ထား ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပြီး ဆေ့ဟောက်ကို ရောက်လာတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက “ကျမတို့ဆီမှာ လာရောက်တိုင်တန်းထားတဲ့အထဲက လုံခြုံမှုလိုအပ်တဲ့ အမျိုးသမီးတွေတချို့ ခေါ်ယူစောင့်ရှောက်ထားတာ ရှိတယ်။  ဆေ့ဟောက်မှာတော့ လတ်တလောထိ ၁၆ ဦး လက်ခံထားတယ်။ လက်ခံထားတဲ့အထဲမှာ အမျိုးသမီးတွေအပြင် သူတို့နဲ့ပါလာတဲ့ ကလေးငယ်တွေကို ကျွန်မတို့ စောင့်ရှောက်ပေးပါတယ်။ အဲ့ဒီထဲကမှ နေရပ်မပြန်နိုင်တော့တဲ့ အမျိုးသမီးတွေကို သူတို့  ဘာလုပ်ချင်လဲ မေးတယ်။ ဥပမာ သူတို့ ကျောင်းတက်ချင်တယ်ဆိုရင် ကျောင်းထားပေးတဲ့ သင်တန်းကျောင်းတွေ ပို့ပေးတယ်။ စီးပွားရေး ပြန်လုပ်ချင်တယ်ဆိုရင် နိုင်ငံတော်အစိုးရက ငါးသိန်း ထောက်ပံ့ပေးတယ်" လို့ ဆိုပါတယ်။

အမျိုးသမီးများ လုံခြုံရေးအတွက် ထားရှိတဲ့ လုံခြုံရေးဂေဟာတွေကိုတော့ အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးတွေ လုံခြုံရေးအတွက် တည်နေရာတွေကို ကြေညာမှာ မဟုတ်ဘူးလို့လည်း သိရပြီး လူမှုဝန်ထမ်း ဘတ်ဂျက်နည်းတာကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013