DVB Logo
Home
မြန်မာသတင်း
ရှေးရိုးစွဲအယူအဆကြောင့် ခွဲခြားဆက်ဆံခံနေရသည့် ကျေးရွာကို လွှတ်တော်အဖွဲ့ သွားရောက်အားပေး
DVB
·
October 3, 2017
Donate to DVB

ရှေးရိုးစွဲအယူအဆတခုကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေကြားမှာ ခွဲခြားဆက်ဆံခံနေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နားက အောင်မင်္ဂလာကျေးရွာကို  တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ သွားရောက်အားပေးခဲ့ကြပါတယ်။

တန့်ဆည်မြို့နဲ့ ၉ မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၉၀ ကျော်၊ လူဦးရေ ၅၀၀ ဝန်းကျင်ရှိတဲ့ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာလ ၂ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနှင့် မုံရွာမြို့က အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ သွားရောက်ကာ ဟောပြောဆွေးနွေး နှစ်သိမ့်ပညာပေးတာ၊ ကူညီထောက်ပံ့ခဲ့ပါတယ်။

ဒီရွာလေးက ဟိုးအရင် ရာစုနှစ်ဝက်ကျော်ကာလက ဆုတောင်းစားရွာ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ရှေးအယူစွဲတခုကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေကြားမှာ သာရေး၊ နာရေးကအစ ခွဲခြားမှုတွေ ကြုံတွေ့နေရတာပါ။

ဒါပေမယ့် လက်ရှိမှာ ရွာသူ ရွာသားတွေက တောင်သူ၊ အရောင်းအဝယ်၊ ဝါးကပ်ထရံရက်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြပြီး ရိုးရိုးသားသား နေထိုင် စားသောက်နေကြတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက“ဒီမိုကရေစီစနစ်ကို သွားနေတဲ့အခါမှာ ကျား၊ မ သာတူညီမျှ တန်းတူခံစားခွင့်ရှိရမှာ ဖြစ်ပါတယ်။ လုံးဝကြောက်စိတ်တွေ၊ သိမ်ငယ်တဲ့ စိတ်တွေမထားပါနဲ့။ လူတန်းစေ့နေနိုင်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ်ခံယူထားပါ။ ကိုယ်ကျင့်တရား ကောင်းကောင်းမွန်မွန်နေထိုင်ကြပြီး သတ္တိတွေ ဖြစ်ပေါ်လာမယ်။ အဲဒီသတ္တိက ကျနော်တို့ ကျေးရွာတွေကို အကျိုးပြုပါလိမ့်မယ်။ အဲလိုပဲ ခံယူထားမယ်ဆိုလို့ရှိရင် တခုသော အချိန်ကာလအတွင်းမှာ ဒီပြဿနာတွေ ရှင်းသွားမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ရွာသားတွေကတော့ အခုလိုကြုံတွေ့နေရတဲ့အပေါ် စိတ်အားငယ်မှုတွေလည်း ရှိပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ဘယ်သူကမှ ပြန်ပြောလိုစိတ်မရှိတော့ဘဲ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နေထိုင်လိုကြတာပါ။ လက်ရှိမှာ ရွာဖွံ့ဖြိုးရေးအတွက် ဆေးပေးခန်း၊ စာသင်ကျောင်းတွေကိုလည်း လိုချင်နေကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စုပေါင်းပြီး ရွာရဲ့ လူမှုရေးကား ဝယ်နိုင်ဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် အများစုပေါင်းလှူဒါန်းထားတဲ့ ငွေကျပ် ၁၂ သိန်း၊ စာအုပ် စာရေးကိရိယာ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ပဲကြော်ထုပ်တွေကို လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေး အကြောင်းအရာတွေကိုလည်း ဟောပြောခဲ့သလို တန့်ဆည်မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရွာအတွင်း တိရစ္ဆာန်တွေကို ရောဂါကာကွယ်ဆေးထိုးပေးတာ၊ သက်ကြီးရွယ်အို ကလေးသူငယ်တွေနဲ့ နာမကျန်းဖြစ်နေ သူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တဦးနဲ့ သူနာပြုတွေက ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ပါတယ်။

ဒီရွာအပြင် မုံရွာနားမှာ ဘုရားကျွန်ရွာ၊ ပုလဲနယ်မှာ တရွာ၊ ယင်းမာပင်နယ်မှာ တရွာ အလားတူ ခွဲခြားဆက်ဆံခံရတဲ့ရွာတွေ ရှိသေးတယ်လို့ ပြောကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013