DVB Logo
Home
မြန်မာသတင်း
ဆည်တုတ်ထားသည့်နေရာမှ ရေအားမနိုင်၍ ရွာတွေထဲ ရေတွေဝင်ပြီး ခက်ခဲနေ
DVB
·
October 3, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ထဲက ကံပေးကြီးကျေးရွာအနီး ပြည့်ညင်ကျေးရွာ၊ ကုန်းသာကျေးရွာနဲ့ ညာဂမိုးအုပ်၊ သပြေပင်ကျေးရွာတွေက ရွာအလယ်မှာ ရေတွေ စီးဆင်းနေတာကြောင့် လူနေအိမ်တွေ၊ ကျွဲ နွား တိရစ္ဆာန်တွေနဲ့ ကျောင်းသား ကျောင်းသူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုကြောင့် တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု တောင်နှစ်လုံးဆည်ရှိ ကံပေးကြီးရွာအနီး ရေလွှဲဆည်က ရေပိုတွေ လွှတ်ချတဲ့အခါ ပြည့်ညင်ကျေးရွာအနီး ဆည်တုတ်ထားတဲ့နေရာက ရေအားမနိုင်ဘဲ ကျိုးခဲ့တာကြောင့် ရေတွေ စီးဆင်းနေတာလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ရာ “၂၀၁၆ တုန်းက ကျနော်ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် လွှတ်တော်ကိုယ်စားလှယ်နဲ့အတူ သပြေပင်မှာ ရေကြီးနေတယ်ဆိုလို့ သွားရောက်ကြည့်ကြတဲ့အခါ ချောင်းရိုး ဖြစ်နေတဲ့ ရွာလယ်လမ်းမှာ ချောင်းကမ်းပါးက ၁ ပေအထက် မတက်တာကို မြင်ကြရတဲ့အတွက် ချောင်းရိုးကို ကိုယ်ထူကိုယ်ထ နှိမ့်ဖို့အတွက် ကျနော်တို့ဌာနက စက်နဲ့ အကူအညီပေးမယ်။ ချောင်းရိုးကို ပြန်တူးပါ ဆိုတော့ သူတို့က မတူးကြဘူးဗျ”လို့ တောင်းတွင်းကြီးမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးသန့်ဇင်ဦးက ပြောပါတယ်။

“အခုလက်ရှိ ဆည်တုတ်ကို ကနဦးပိုင်း ကျေးရွာက ကိုယ်ထူကိုယ်ထလုပ်တယ်။ ကျနော်တို့ဌာနကလည်း ကူညီပြီး ပိတ်ပိတ်ပေးနေတာ နှစ်နှစ်ရှိပြီ။ မိုးများလို့ ရေဝင်တဲ့အခါ မြေသားက ရေထိရုံနဲ့ ပျော်ကျတဲ့ အမျိုးအစားဖြစ်နေတော့ မိုးများတိုင်း သူတို့ကုန်ကျစရိတ်က ရေထဲ မျှောပစ်သလို ဖြစ်နေတာက တကြောင်း လတ်လောမှာ အခိုင်အမာဖြစ်ဖို့ ရန်ပုံငွေကလည်း ဒီနှစ်ထဲ ကျထားတာ မရှိတော့ အခိုင်အမာလုပ်ဖို့အတွက် သက်ဆိုင်ရာဌာနကို တင်ပြတောင်းဆိုထားတယ်” လို့ ဦးသန့်ဇင်ဦးက ဆက်လက်ပြောပါတယ်။

တိုင်း (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က “ခုနှစ် ဘတ်ဂျက်မှာတော့ ရန်ပုံငွေကျထားတာ မရှိတဲ့အတွက် မြေသားတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ပေးခဲ့တယ်။ နောက်တခုက ကျနော်တို့အနေနဲ့ အခုလို မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနနဲ့တိုင်ပင်ပြီး စက်ယန္တရားအကူညီပေးမယ်။ မူလချောင်းအဟောင်းကို ပြန်လည်တူးဖော်ပါဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ကျေးရွာပြည်သူတွေက ပြန်မတူးခဲ့ဘူး။ ရန်ပုံငွေကိုတော့ တင်ပြတောင်းထားပေးပါတယ်”လို့  ပြောပါတယ်။

တောင်းတွင်းကြီးမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးသန့်ဇင်ဦးက “လတ်တလောအနေနဲ့ အခက်အခဲဖြစ်နေတဲ့ နေရာကို ကွင်းဆင်းလေ့လာ ကြည့်ရှုဖို့ ရောက်နေတာကြောင့် ဘာဆက်လုပ်မယ် ဆိုတာကို မပြောနိုင်သေးပေမယ့် ပြည်သူကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

သတင်း - သားကြီး(တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013