DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်လိုငွေကျပ် ၄၀၀၀ ဘီလီယံခန့်ရှိနေဟု သမ္မတ ဦးထင်ကျော်ပြောကြား
DVB
·
October 2, 2017
ဘတ်ဂျက်လိုငွေကျပ် ၄၀၀၀ ဘီလီယံခန့်ရှိနေဟု သမ္မတ ဦးထင်ကျော်ပြောကြား
Donate to DVB

 

ပြည်ထောင်စုရဲ့ ခန့်မှန်းခြေ အရအသုံးစာရင်းမှာ  လိုငွေကျပ် ၃၉၉၅ ဒသမ ၇၉၅ ဘီလီယံ ဖြစ်ပေါ်နေတာ တွေ့ရပါကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ရက်မနက်က နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပတဲ့  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်(၃/၂၀၁၇) အစည်း အဝေးကိုမှာပြောကြားခဲ့တာလို့ သမ္မတရုံးက သတင်းထုတ်ပြန်တာပါ။

“ဒုတိယသမ္မတများ စိစစ်ပြီးသည့် ဘဏ္ဍာငွေအရအသုံးစာရင်းများအရ ပြုပြင်ပြီး ခန့်မှန်းခြေ အရအသုံးစာရင်းတွင် လိုငွေကျပ် ၃၉၉၅ ဒသမ ၇၉၅ ဘီလီယံ ဖြစ်ပေါ်သည်ကို တွေ့ရပါကြောင်း၊

မူလခန့်မှန်းခြေအရအသုံးစာရင်း လိုငွေမှာ ငွေကျပ် ၃၉၈၉ဒသမ၅၆၈ ဘီလီယံ ဖြစ်သည့်အတွက်လိုငွေကျပ် ၆ဒသမ၂၂၇ ဘီလီယံပိုမိုလာခဲ့ပါကြောင်း၊ လိုငွေနှင့်ဂျီဒီပီအချိုးမှာ မူလခန့်မှန်းခြေတွင် ၄ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်း ခြေတွင် ၄ဒသမ၃၈ရာခိုင်နှုန်း ဖြစ်ပါကြောင်း”သမ္မတကပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ရခိုင်ပြည်နယ်ခြံစည်းရိုးကိစ္စ၊ မေယုတောင်တန်းဆက်သွယ်ရေးလမ်းကြောင်းတွေ ဖောက်လုပ်ရေးကိစ္စ စတဲ့ အသုံး စရိတ်တွေလို့ မဖြစ်မနေခွင့်ပြုပေးခဲ့တဲ့  အသုံး စရိတ်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

လိုငွေပမာဏများပြားလာတာနဲ့အမျှ နိုင်ငံတော်ရဲ့ ပြည်တွင်း ကြွေးမြီဝန်ထုပ်ဝန်ပိုး တစ်နှစ်ထက်တစ်နှစ်ပိုမိုလာမှာကို ရှောင်ရှား နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မူလခန့်မှန်းခြေအတိုင်း လိုငွေနဲ့ ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်မယ်လို့ သမ္မတက ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ  နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP growth rate ကို ၇ ရာခိုင်နှုန်း ရရှိစေဖို့လည်း သမ္မတက  မျှော်မှန်းထားပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေ တက်ရောက်ကြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013