DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ
DVB
·
March 27, 2012
ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူမယ့် ပြည်တွင်းပြည်ပ သတင်းထောက်တွေ လိုက်နာရမယ့် အချက်များ အပါအ၀င် သတင်းထောက်များ သိထားသင့်တာတွေ ကို ပြန်ကြားရေး ၀န်ကြီးဌာနက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဒီနေ့မှာ ဖြန့်ဝေ လိုက်ပါတယ်။

[caption id="attachment_14084" align="alignleft" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]

ပြည်တွင်း သတင်းသမားတွေအတွက် စာပေစိစစ်ရေး ဌာနက သတင်းထောက် ကတ် ထုတ်ပေးရင်း ဖြန့်ဝေသွား မှာ ဖြစ်ပြီး၊ ပြည်ပ သတင်းထောက်တွေ ကိုတော့ ရန်ကုန်လေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ကောင် တာနောက်မှာ ပြန်ကြားရေးကောင် တာ ဖွင့်ပြီး ထုတ်ပေးမှာဖြစ်ပါတယ်။

မတ် ၂၇ ရက် အထိ ရွေးကောက်ပွဲ သတင်းယူ ဖို့ စာရင်းပေးထား သူ ပြည်တွင်းသတင်း သမားပေါင်း ၄၇၀ ကျော် ရှိတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူမယ့် သတင်းသမားတွေ အတွက်  ပြန်ကြားရေး ၀န်ကြီးဌာနက အရေးကြီးတဲ့ အကြံပြုချက်တွေထဲမှာ  မဲပေးချိန်မှာ ဥပဒေအရ မဲရုံထဲ ၀င်ခွင့် မရှိတဲ့အတွက် မဲရုံပြင်ပ မြင်သာတဲ့ နေရာကပဲ ဓာတ်ပုံရိုက်နိုင် လေ့လာနိုင်တဲ့ အကြောင်း၊ မဲရေတွက်ချိန်မှာ အများပြည်သူနဲ့အတူ ၀င်ရောက် လေ့လာကြည့်ရှု သတင်းယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်တွေကို မေးခွန်း မေးတဲ့အခါ ပါတီတခုခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံအောင် ဒါမှမဟုတ် ဆန့်ကျင်အောင် တိုက်တွန်းတဲ့ သဘော ရောက်တဲ့ မေးခွန်းတွေ မမေးကြဖို့ အကြံပြုထားတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပါတီတခုတခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံတဲ့ သင်္ကေတ၊ အမှတ်အသားပါတဲ့ ပစ္စည်းတွေကို ၀တ်စား၊ ဆင်ယင်သွားတာမျိုး မလုပ်ဖို့လဲ ပါရှိပါတယ်။ ဒီအချက်တွေဟာ သတင်းထောက်တွေ ဘက်မလိုက်ဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်တယ် လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် က ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းသမဂ္ဂက ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက သတင်းထောက်ဟာ လွတ်လွတ်လပ်လပ် သွားလာသတင်းယူခွင့် ရှိရမယ်လို့ ပြောပါတယ်။

“အခြေအနေ၊ အနေအထားနဲ့ ပတ်သက်လို့ သတင်းထောက်က မေးချင်ရင်လည်း မဲရုံမှူးက တဆင့် ပါတီတွေက စောင့်ကြည့်နေတဲ့ သူတွေ စသည်ဖြင့်ပေါ့၊ အခြေအနေပေါ် မူတည်ပြီး အင်တာဗျူး လုပ်ချင်လည်း လုပ်မယ်။ ဓာတ်ပုံရိုက်ချင်လည်း ရိုက်မယ် ဆိုတာမျိုးတွေ၊ လျို့ဝှက်မဲပေးတဲ့ နေရာကိုသာ အနှောင့်အယှက်မပေးရင် ပြီးတာပဲ။ ကျန်တာတွေကတော့ နိုင်ငံတကာ စံနှုန်းတွေအရ ပြောရရင်တော့ ဒီလို ကိစ္စတွေက လုပ်လို့ ရတယ်လို့ အဲဒီလိုပဲ တွေ့ရတယ်။ လွတ်လွတ်လပ်လပ်ပဲ ဖွင့်ပေးထားတယ်။

သတင်းထောက်ကတ်ပါတယ်။ သတင်းသမားလည်း မှန်တယ်ဆိုရင် ကြိုက်တဲ့မဲရုံ၊ ဘယ်နေရာကိုမဆို သွားလို့ရတယ်။ ဘယ်သူ့ကိုမဆို မေးမြန်းလို့ရတယ်။ သူများနိုင်ငံတွေမှာတော့ ၀န်ကြီးအထိ တက်ပြီးအင်တာဗျူး လုပ်လို့ရတယ်လေ။”

အစိုးရဟာ အရင် ရွေးကောက်ပွဲတုန်းက သတင်းထောက်တွေ၊ သံတမန်တွေကို သူတို့ စီစဉ်ပေးတဲ့ ကား သို့မဟုတ် လေယာဉ်ပျံနဲ့ တင် ခေါ်သွား တယ်။ သူတို့ အစီအစဉ်တွေနဲ့ သူတို့ပြတဲ့ မဲရုံတွေကို ၀င်ရောက် ဓာတ်ပုံရိုက်၊ သတင်းယူ၊ ပြန်ထွက်ပြီး နောက်တရုံသွား၊ အစသဖြင့် လုပ်လေ့ ရှိပါတယ်။

ဒီတကြိမ်မှာတော့ ဘယ်လိုမျှော်လင့်ထားလဲ၊ အရင် ပုံစံအတိုင်း လုပ်မယ်လို့ ထင်မိလား ဆိုတဲ့ အပေါ် သူက “တကယ်တော့ ပြချင်တဲ့ နေရာတွေကို လိုက်ပြတဲ့ သဘောနဲ့ ပြတယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတယ် လို့ ယူဆလို့ မရဘူး။ သူတို့ ပြချင်တဲ့နေရာ၊ သူတို့ ပြလို့ တောင်းတဲ့နေရာလေးတွေပဲ လိုက်ပြပြီးတော့ နေရာ တော်တော်များများ မှာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုရင် မဲရုံ အများစုမှာ မဲရုံ စည်းကမ်းတွေ အများကြီး ချိုးဖောက်ပြီးတော့ မဲပုံးတွေကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေ က အိမ်အထိ ယူသွားတာတွေ အပါအ၀င် အစရှိတဲ့ ပြဿနာတွေ တော်တော်များများ ချိုးဖောက်ထားတာကိုး။ ဒါကြောင့် သတင်းထောက်တွေကို လွတ်လပ်စွာ သွားလာခွင့် မပေးတဲ့အခါ သတင်းထောက်က ဒါတွေကို မှတ်တမ်း မတင်နိုင်ဘူး။ ဓာတ်ပုံ ရိုက်မထား နိုင်ဘူး။ နေရာတော်တော်များများမှာ အဲဒီလိုတွေ ဖြစ်ခဲ့တာပဲ။ ဒီလို အကန့်အသတ်နဲ့ မဲရုံတွေကို သွားခွင့်မပေးပဲနဲ့ သူတို့ပေးချင်တဲ့ မဲရုံကိုပဲ သွားခွင့်ပေးမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။”

သမ္မတ ဦးသိန်းစိန် အစိုးရက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့် လေ့လာ သတင်းယူဖို့ အာဆီယံနဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေ ထံ ကမ်းလှမ်းထားပြီး၊ မတ်လ ၂၉ ရက် မှာ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတွေက သတင်းထောက်တွေ အပါအ၀င် စောင့်ကြည့်လေ့လာသူ နဲ့ သတင်းသမား ၄၀ လောက် သွားရောက်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013