DVB Logo
Home
Lead Story
ပေါ်လစီ ရေစီး
DVB
·
October 2, 2017
ပေါ်လစီ ရေစီး
Donate to DVB

တိုင်းပြည်ထဲ ရခိုင်အရေးနဲ့ အစိုးရ ခေါင်းခဲနေရပြီး အသည်းအသန် ဖြေရှင်းနေရတုန်း ထုံးစံအတိုင်း သခွတ်ပင်က မီးတကျည်ကျည် လုပ်တဲ့သူက လုပ်၊ ကိုဆိုဗိုလို ဖြစ်သွားမယ်လို့ လူထုကို ခြိမ်းခြောက်သူက ခြိမ်းခြောက်နဲ့ ပြောဆိုလုပ်ကိုင်နေကြတာတွေ ကြည့်ပြီး သဘောကျနေမိတယ်။

အဲဒီလို ပြောဆိုလုပ်ကိုင်နေသူတွေဟာ ဒီလိုပြောဆိုမှုတွေကြောင့်ပဲ လူထုထောက်ခံမှု ကျဆင်းပြီး တွင်းတူးမိုက်နေသလို ဖြစ်နေတာ ကိုယ်တိုင် မသိကြလို့ သဘောကျတာ ဖြစ်တယ်။ တဖက်မှာလည်း အစိုးရ ပြန်ကြားရေးက ဦးဆောင်လို့ ဒီမိုကရေစီပွဲတော်ဆိုတာချည်း လုပ်ပြီး ရယ်မောပျော်ရွှင်နေကြတာလည်း တွေ့ရတယ်။

အစိုးရလုပ်နေတာကို အငြိုအငြင်ပေးနေတာထက်စာရင် အငြိမ့်ကပြီး ရယ်မောနေကြတာ မဆိုးဘူးပဲလို့လည်း တွေးမိပေမယ့် အချိန်အခါ မဟုတ်ဘူးလို့လည်း မြင်မိပြန်တယ်။

အင်တာနက်ပေါ်တက်ပြီး မဟုတ်တရုတ် သတင်းမှားတွေ ရှယ်နေ ဆဲနေကြတာထက်စာရင် အငြိမ့်ကပြီး ရယ်ကြတာ ကောင်းတာပဲလေလို့ ဖြေတွေးကြည့်ပြီး တီဗွီကပြတဲ့ အငြိမ့်ပြိုင်ပွဲ ကြည့်မိပါတယ်။

အငြိမ့်ပြိုင်ပွဲကြည့်ပြီးတော့ ပြောစရာနှစ်ခု ဖြစ်တယ်။ တခုက အငြိမ့်တွေ မရှိကြတော့ဘူးသာ ပြောနေကြတယ်။ ပြိုင်ပွဲလုပ်တော့လည်း ထွက်လာကြတဲ့ အငြိမ့်အဖွဲ့တွေ မနည်းပါလားဆိုတာ တခု၊ နောက်တခုကတော့ အစိုးရကိုဖားတဲ့ ပေါ်လစီရေစီးကိစ္စ ဖြစ်ပါတယ်။

ပထမတခုကတော့ အငြိမ့်အဖွဲ့ဆိုတာတွေ လောက်လောက်လားလား မရပ်တည်နိုင်ကြပေမယ့် မျိုးဆက်သစ်ကလေးတွေ ရှိနေတဲ့အတွက် အခုနေ အငြိမ့်အဖွဲ့ ဆိုတာတွေ ထွက်ပေါ်လာတာ ဖြစ်နိုင်သလို ဒီလိုဖွဲ့ပြီး ကနိုင်အောင်လည်း ပြန်ကြားရေးက ကူညီပေးပုံရတယ်။

ဇာတ်ထဲ ဆိုင်းထဲ ကြီးတဲ့ ကလေးတွေဆိုတာက ကတာ ခုန်တာ သီချင်းဆိုတာ ပြက်လုံးထုတ်တာတွေက သူတို့အတွက် အထူးတလည် သင်ပေးဖို့ မလိုဘူး။ အနုပညာပင်ကိုဗီဇ ပါလာပြီးသားမို့ အရိပ်ပြတာနဲ့ အကောင်မြင်ပြီးသားဖြစ်တဲ့ မျိုးဆက်သစ်တွေ ရှိတာကြောင့် ခုလို အငြိမ့်အဖွဲ့တွေ ထွက်လာတာ ဖြစ်မယ်။ ပြိုင်ပွဲဝင် အငြိမ့်ကသွားတာ လူငယ်တွေချည်းဖြစ်တာ တွေ့ရလို့လည်း သဘောကျမိပြီး နောင်တခေတ် အငြိမ့်စင်ထက်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်တယ်။

အစိုးရကိုဖားတဲ့ ပေါ်လစီရေစီးကိစ္စ ဆက်ရရင်တော့ ပြိုင်ပွဲဝင်သွားတဲ့ အငြိမ့်အဖွဲ့တိုင်းလိုလို အစိုးရပေါ်လစီတွေကို သရုပ်ဖော် တင်ဆက်သွားကြတာ မြင်လိုက်ရတယ်။ ပေါ်လစီကား၊ ပေါ်လစီသီချင်း ဆိုတာတွေဟာ ကြုံဖူးသလောက် နဝတ၊ နအဖ စစ်အစိုးရခေတ်မှာ လှိုင်လှိုင်ကြီးထွက်ပြီး အဲဒီ ပေါ်လစီသီချင်း ရေးတဲ့သူတွေ၊ ဆိုတဲ့သူတွေ၊ သရုပ်ဆောင်တဲ့သူတွေလည်း စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေနဲ့အပြိုင် တန်ခိုးထွားခဲ့ကြတယ်။

ပေါ်လစီသီချင်း သရုပ်ဖော်ရိုက်ဖို့ အဲဒီခေတ်က စစ်တိုင်းမှူးဆိုသူက မြစ်ကြီးနားကနေ ပူတာအိုသွားဖို့ လေယာဉ်တစင်း စင်းလုံးလိုက် စီစဉ်ပေးရတာ မြင်ဖူးတယ်။

ပေါ်လစီသီချင်း အင်ဒိုးရိုက်ဖို့ နိုင်ငံပိုင် ရုပ်မြင်သံကြား စတူဒီယိုတခုကို ညလုံးပေါက် ဖွင့်ထားပေးရပြီး ရိုက်ကူးရေးအဖွဲ့တွေ တညလုံး ရိုက်ပေးခဲ့ရတာလည်း မြင်ခဲ့ရတယ်။ သီချင်းဆိုပေးမယ့် အဲဒီတုန်းက နာမည်ကြီးမင်းသားက နောက်တနေ့မနက် နယ်ကို ရိုက်ကူးရေးထွက်မှာမို့ ဒီလို ညလုံးပေါက် ရိုက်ပေးရတာ ဖြစ်တယ်။

တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပြီဆိုရင်တော့ ရိုက်ကွင်းတည်တဲ့ ဒေသက တိုင်းမှူးတွေ၊ တပ်မမှူးတွေဆိုတာ ဇာတ်ကားရိုက်တဲ့ ဒါရိုက်တာရဲ့ ခိုင်းဖတ်တွေ ဖြစ်ကုန်ကြတယ်။

အခု လူထုတင်တဲ့ အစိုးရခေတ် ရောက်လာပြန်တော့လည်း ပေါ်လစီရေစီးက ဆက်ပါလာပြီး အရင်ကလို အစိုးရကိုယ်တိုင်က ရိုက်ကူးထုတ်လုပ်ခိုင်းပုံ မတွေ့ရပေမယ့် အကျင့်ပါပြီး ဆက်လုပ်နေကြပုံပေါ်တယ်။

ဒီမိုကရေစီပွဲတော်က အငြိမ့်ပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ အငြိမ့်အဖွဲ့ဟာ တခြား ပြိုင်ပွဲဝင်အငြိမ့်တွေနဲ့ ယှဉ်ကြည့်ရင် သိပ်ကွာလှတာ မဟုတ်သလို စိတ်ထင် တချို့အဖွဲ့တွေကတောင် ပိုကောင်းနေတာ တွေ့ရတယ်။

ဒါပေမယ့် ပထမရသွားတဲ့ အငြိမ့်အဖွဲ့ရဲ့ ပေါ်လစီ တင်ဆက်ပုံကတော့ တခြားအဖွဲ့တွေထက်သာတာ တွေ့ရပြီး ဒီအချက်ကြောင့်ပဲ အဲဒီအဖွဲ့ ပထမ ရသွားပုံပေါ်တယ်။ လှေတစီးကို ပြည်သူရယ်၊ လွှတ်တော်အမတ်ရယ် လှော်နေတုန်း အမကြီး ဝင်လာပြီး ဦးဆောင်လှော်တယ်။ လှေက ထင်သလောက်မရွေ့ ဖြစ်နေတုန်း တပ်မတော်သား ဝင်လာပြီး ညီတူပြိုင်လှော်လိုက်မှပဲ လှေက ထင်သလို ခရီးပေါက်ပုံကို ပထမရတဲ့ အငြိမ့်အဖွဲ့က သရုပ်ဖော်တင်ဆက်ခဲ့တာ ဖြစ်တယ်။

ဒီအဖွဲ့တင် မဟုတ်ပါဘူး။ ပြိုင်ပွဲဝင် အငြိမ့်အဖွဲ့တိုင်းလိုလို အလားတူ အစိုးရကိုဖားတဲ့ ပေါ်လစီအကွက်တွေ ထည့်သွင်းကပြသွားကြတာ တွေ့လိုက်ရလို့ ပြိုင်ပွဲစီစဉ်သူတွေက မဖြစ်မနေ ထည့်ကခိုင်းပုံရတယ်။

တိုင်းပြည်ဒီမိုကရေစီက နုနု၊ ဘာရေး ညာရေး မုန်တိုင်းတွေက တလုံးပြီးတလုံး ဝင်လာပြီး လှိုင်းလေပြင်းထန်လွန်းချိန်မှာ ဒါမျိုးတွေလုပ်ပြီး ငွေကြေးနဲ့ အချိန်ဖြုန်းသင့်သလား ဆိုတာ ဆင်ခြင်ကြဖို့ ကောင်းတယ်။

အရင်ခေတ်ကလိုပဲ မည်းပြာပုဆိုးပေါ်လစီ ဇာတ်ကားတွေ၊ ပေါ်လစီသီချင်းတွေ ဆက်ဆို ဆက်ထုတ်ကြဦးမယ်ဆိုရင် ခေတ်စနစ် ပြောင်းနေတာ မသိသား ဆိုးဝါးရာကျမယ်။ အစိုးရက ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ပြီး တက်လာပေမယ့် အစိုးရဌာနတွေအနေနဲ့  အရင်လိုပဲ ဝါးလုံးခေါင်းထဲ လသာနေကြပြီး လုပ်နည်းလုပ်ဟန် အဟောင်းတွေအတိုင်း ဆက်သွားနေကြမယ်ဆိုရင် လူထုက ဘာပြောင်းတာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်မယ်။

လူထုအစိုးရလည်း ပြောသေး အစိုးရဖားတဲ့ ပေါ်လစီဇာတ်ကားတွေလည်း ရိုက်ထုတ်နေတုန်းဆိုပြီး ဝေဖန်ထောက်ပြစရာ ဖြစ်မယ်။ လူထု မလိုလားတဲ့ အာဏာရှင်အစိုးရတွေသာ သူတို့ကို လူထုက မထောက်ခံချင် ထောက်ခံချင် ထောက်ခံလာမလားဆိုပြီး ပေါ်လစီဇာတ်ကားတွေရိုက်၊ လူထုကြားထဲ အဓမ္မသွတ်သွင်း လုပ်လေ့ရှိတာ ဖြစ်တယ်ဆိုတာလည်း သတိပြုကြဖို့ ကောင်းတယ်။ ပေါ်လစီရေစီး ရပ်တန့်ချိန်တန်ပြီ။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013