DVB Logo
Home
မြန်မာသတင်း
ကိုင်ရိုမြန်မာသံရုံးအနီးအသေးစားပေါက်ကွဲမှု ၎င်းတို့လက်ချက်ဟု အီဂျစ်စစ်သွေးကြွအဖွဲ့ကြေညာ
DVB
·
October 2, 2017
ကိုင်ရိုမြန်မာသံရုံးအနီးအသေးစားပေါက်ကွဲမှု ၎င်းတို့လက်ချက်ဟု အီဂျစ်စစ်သွေးကြွအဖွဲ့ကြေညာ
Donate to DVB

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ မြန်မာသံရုံးအနီးမှာ ပြီးခဲ့တဲ့စနေနေ့ စက်တင်ဘာ ၃၀ရက်က ဖြစ်ပွားခဲ့တဲ့ အသေးစားပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့  အီဂျစ်စစ်သွေးကြွ Hasm အဖွဲ့က ကြေညာပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်နေသူတွေကို သတိပေးတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်သလို အားနည်းတဲ့ မွတ်စလင်တွေနဲ့အတူ သွေးစည်းညီညွတ်ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ လုပ်ဆောင်တာလို့ အီဂျစ်စစ်သွေးကြွအဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြပါ။

ဒီပေါက်ကွဲမှုဟာ ဗုံးပေါက်ကွဲမှုမဟုတ်ဘဲ သံရုံးမြောက်ဘက် ကိုက် ၅၀၀ ခန့်အကွာ နှစ်အိမ်ကျော်လောက်မှာ ဂတ်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့  ကိုင်ရိုမြို့ရှိ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးဇော်မျိုးထက်က ဒီဗွီဘီကိုပြောပါတယ်။

“ဂတ်စ်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးလူအသေအပျောက်မရှိပါဘူး။ ရဲကထုတ်ပြန်ထားတာ တော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ သံရုံးမှာ ပေါက်တာမဟုတ်တဲ့ အတွက် အပျက်အစီးဘာမှမရှိပါဘူး။ အသံအကျယ်ကြီးကြားရတာ တခုပဲရှိပါတယ်။  သံရုံး မြောက်ဘက် ကိုက် ၅၀၀ လောက်ဝေးပါတယ်ခင်ဗျာ။ လှမ်းပါတယ်။ လမ်းလျောက်သွားမယ် ဆိုရင် ၂မိနစ် ၃ မိနစ်လောက် လမ်းလျှောက်ရမယ့်နေရာပါ။”

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အီဂျစ်အကြမ်းဖက်အဖွဲ့ကနောက်တနေ့မှာမှ ထုတ်ပြန် ကြေညာခဲ့တာဖြစ်တယ်လို့လည်း ဦးဇော်မျိုးထက်ကပြောပါတယ်။

“မြန်မာသံရုံးရဲ့ ပရ၀ုဏ်အတွင်းမှာတော့ ဘာပေါက်ကွဲမှုမှ မဖြစ်ခဲ့ပါဘူးခင်ဗျ။ စနေနေ့ ညနေဘက် ဒေသစံတော်ချိန် ၆ နာရီ ၁၅ မိနစ် လောက်မှာ ကျနော်တို့သံရုံးနဲ့ ကိုက် ၅၀၀ အကွာလောက်မှာရှိတဲ့ လမ်းဆုံတိုက်ခန်းတခန်းမှာ ဂတ်စ်ေပါက်ကွဲမှုဖြစ်ပါတယ်။ အဲဒါကို အဲဒီညမှာဘဲ ရဲဘက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဟာဂတ်စ်ပေါက်ကွဲမှုဖြစ်ပါတယ် ဆိုပြီးတော့၊ အဲဒါကို  နောက်တနေ့ တနင်္ဂနွေနေ့တုန်းကမှ အကြမ်းဖက်အဖွဲ့အစည်းတခုက သူတို့ရဲ့ လုပ်ရပ်ဆိုပြီးတော့မှ ကြေညာချက်ထုတ်ထားတာရှိပါတယ်။”

လက်ရှိအချိန်မှာ သံရုံးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီး လုံခြုံရေးအတွက် အီဂျစ်ရဲဌာနနဲ့ အီဂျစ်နိုင်ငံခြားရေးဌာနတို့နဲ့  ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အီဂျစ် ပြည်ထဲရေးကတော့ မှတ်ချက်ပေးပြောဆိုခြင်းမရှိ သေးပါဘူး။

Hasm စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက  ကိုင်ရိုမြို့တော်တ၀ိုက်မှာ  တရားသူကြီးတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အတော်များများလုပ်ခဲ့မှုနဲ့  စွပ်စွဲခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013