DVB Logo
Home
ရွေးကောက်ပွဲ
သတ်မှတ်ရက်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးစေချင်ပါတယ်
DVB
·
March 27, 2012
သတ်မှတ်ရက်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးစေချင်ပါတယ်
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မြို့နယ်တွေ ထဲက မဲဆန္ဒနယ်တွေမှာ လုံခြုံရေး မကောင်းတာကြောင့် ရက်ရွှေ့ တယ်လို့ သောကြာနေ့ က ကြေညာခဲ့ပါတယ်။

[caption id="attachment_23160" align="alignleft" width="300" caption="ဒေါက်တာ တူးဂျာ"][/caption]

ဒီရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး မိုးကောင်းမြို့နယ် မဲဆန္ဒနယ် ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာတူးဂျာ ကို မေးမြန်းထားပါတယ်။

ဒေါက်တာတို့မဲဆန္ဒ နယ်တွေ မှာ ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေးကြောင့် ဆိုင်းငံ့လိုက်တယ် လို့ ကြားသိရတယ်။  ရွေးကောက်ပွဲ အကြိုကာလမှာ မဲဆွယ်တော့ လုံခြုံရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ပြောပြပေးပါလား။

“ကျနော် လှုပ်ရှားတာက မိုးကောင်းမြို့နယ်မှာပါ။ မိုးကောင်းမှာတော့ လုံခြုံရေး အားနည်းတာ သိပ်တော့ မတွေ့ရပါဘူး။ ကော်မရှင်အနေနဲ့လည်း မိုးကောင်းမြို့နယ် အတွင်းမှာရှိတဲ့ မဲရုံတွေကတော့ အားလုံး ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမယ့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များရဲ့ အမြင် သဘောထားအရ အခုလို ပြုလုပ်တာ ဖြစ်တယ် လို့ မြင်တယ်။ ကျနော်တို့ဘက်က အပေါ်ယံ အမြင်ကတော့ ဒီလောက်တော့ ဆိုးဆိုးဝါးဝါးတော့ မတွေ့ရဘူး။ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များကတော့ အသေးစိတ် ကြည့်ရှုတယ် ဆိုတော့လည်း သူတို့ရဲ့ အမြင် သဘောထားအရ လုံခြုံရေး အားနည်းတယ် လို့ ထင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဖြစ်နိုင်ပါတယ်။”

ရွေးကောက်ပွဲဆိုင်းငံ့တယ်ဆိုတော့ ကော်မရှင်ကို သွားပြီးတော့ ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ မေးမြန်းတာရှိလား။

“ကျနော် ကိုယ်တိုင် မြို့နယ်ကော်မရှင်ကို သွားပြီး မေးမြန်းကြည့်ပါတယ်။ သူတို့ ဘက်က ဘယ်တော့ ပြန်ဖွင့်မလဲ၊ ဘယ်အချိန် ကျင်းပပေးမယ် ဆိုတာကို အတိအကျ မပြောနိုင်ကြပါဘူး။ စောင့်ကြည့်ရမယ့် သဘောဖြစ်တယ်။”

ဗန်းမော်၊ ဖားကန့်တို့ဘက်ရော ဒေါက်တာဘယ်လိုမျိုးမြင်လဲ။

“အခုကြားသိရသလောက်ဆိုရင် ဗန်းမော်နဲ့ဖားကန့်က လုံခြုံရေးအခြေအနေ ပိုဆိုးတယ် လို့ ပြောကြတာကို၊ မိုးကောင်းမြို့နယ်ကတော့ ဒီလောက်တော့ မဟုတ်ပါဘူး။ ဗန်းမော်နဲ့ ဖားကန့်ဘက်ကို ကိုယ်တိုင်လည်း မရောက်တဲ့အတွက် အတိအကျ မပြောတတ်ဘူး။”

ရွေးကောက်ပွဲ အကြိုကာလ တလျှောက်လုံး ခရီးဆန့်ပြီး စည်းရုံးရေး ဆင်းခဲ့တယ် ဆိုတော့ ဒေသခံ မဲဆန္ဒရှင်တွေရဲ့ မဲပေးလိုတဲ့ ဆန္ဒကို ရာခိုင်နှုန်း ဘယ်လောက် ထိ မြင်တွေ့ခဲ့ရလဲ။ ဘယ်လို ခန့်မှန်းမိလဲ။

“ကျနော်တို့ တွေ့မြင်ကြားသိရတဲ့ အတိုင်းအရ ဆိုရင်တော့ ၂၀၁၀ တုန်းက ထက် ပိုပြီးတော့မှ တက်ကြွမှု ရှိတယ်လို့ မြင်တယ်လေ။ ဒီ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တရပ် ဖြစ်မယ်လို့လည်း ကြားသိထားတာ ဖြစ်တော့ သူတို့က ပိုပြီးတော့ တက်ကြွမှုရှိတယ်လို့ မြင်တယ်။ ဒါကြောင့် မဲပေးသူ ဦးရေကလည်း နည်းနည်း ပိုများလာတယ် လို့ ထင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ကတော့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု တော်တော်ရှိတယ်လို့ မြင်မိတယ်။”

ဒေါက်တာက ကေအိုင်အိုမှာ ဒု - ဥက္ကဋ္ဌ အဆင့်ထိ တာဝန် ထမ်းခဲ့တယ်ပေါ့။ နောက် ပါတီ ထောင်ဖို့ဆိုပြီး အပြင်ထွက်လာတယ်။ ပါတီထောင်ခွင့် မရဘူး။ တသီးပုဂ္ဂလ  အဖြစ် လျှောက်တယ်။ မရဘူး၊ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ကျတော့ ကိုယ်စားလှယ်လောင်း အဖြစ် လက်ခံတယ်။ အခုလည်းကျတော့ ဆိုင်းငံ့တယ် ဆိုတော့ ဒေါက်တာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ မြန်မာပြည်မှာ။ ကချင်ပြည်နယ်မှာ နိုင်ငံရေးသမား ဆက်လုပ်ဖို့ စိတ်မပျက်ဘူးလား။

“ကျနော်ကတော့ အဖွဲ့အစည်းကနေ လုံးဝ နှုတ်ထွက်ပြီးတော့မှ ဥပဒေဘောင် ထဲ ရောက်လာပြီးတော့ မြန်မာ့ ခေတ်သစ် နိုင်ငံရေး ရေစီးကြောင်းမှာ အများတကာနဲ့ အတူ ဖြတ်သန်းပြီး မြို့တွင်းနိုင်ငံရေးကို လုပ်ချင်တယ်။ ပါတီကို ကြိုးစား ထောင်ခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပါတီမှတ်ပုံတင် မရခဲ့ဘူး။ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်တာကလည်း မြို့တွင်းနိုင်ငံရေးမှာ ကျနော်တို့ အများတကာနဲ့ တန်းတူ လှုပ်ရှားချင်လို့ လျှောက်ထားတာ ဖြစ်တယ်။

ဒီတခေါက်မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကျနော့် ကို ရွေးကောက်ပွဲ ၀င်ဖို့ ခွင့်ပြုပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အနီးကပ်မှ ဒီလိုမျိုး ရက်ရွှေ့ဆိုင်းလိုက်တယ် ဆိုတော့ ပြောရမယ် ဆိုရင် စိတ်မကောင်းတော့ ဖြစ်မိတယ်။ ခံစားမှုတော့ရှိတာပေါ့ ။ ဒါပေမယ့်လို့ ဒါကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ သဘောထားပေါ့။ သူတို့အနေနဲ့ အကြောင်း အမျိုးမျိုးကြောင့်၊ အခြေအနေကြောင့် လုပ်တယ် ဆိုတဲ့ သဘောပေါ်မှာ ကျနော့် အနေနဲ့ အထွေအထူး ဝေဖန်သုံးသပ်ချင်တဲ့ ဆန္ဒမရှိပါဘူး၊ ပြောချင်တာ တခုက ဘာလဲ ဆိုတော့ နိုင်ငံရေး လုပ်တယ် ဆိုတာကတော့ စိတ်ရှည်ရမယ်။ သဘောထားကြီးရ မယ်။ ဇွဲကောင်းရမယ်။ စိတ်ပျက်စရာကောင်းတဲ့ အချိန်ကာလနဲ့ ကြုံရလိမ့်မယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို တင်းပြီးတော့ တိုင်းပြည်အကျိုး ပြည်သူလူထု  အကျိုးကို သယ်ပိုးနိုင်ဖို့ ဇွဲကောင်းကောင်းနဲ့ ဆက်လက် ကြိုးစားသွားရမှာ ဖြစ်တယ်လို့ ခံယူထားပါတယ်။”

ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း ၃မြို့နယ်မှာ ရွေးကောက်ပွဲ ဆိုင်းငံ့တဲ့ အပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအောင်နိုင်ရေးကနေ ကြေညာချက် ထုတ်တယ်။ အဲဒီမှာ အဓိက ပြောတာက ဒေါ်အောင်ဆန်းစုကြည်က လည်း ပြည်တွင်းငြိမ်းချမ်းရေး ကို လိုလားတယ်၊ ကူညီပံ့ပိုးဖို့ အဆင်သင့်ရှိတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကိစ္စကို ကေအိုင်အိုနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ အတွက် အဖွဲ့ချုပ်က ဆန္ဒရှိတယ်။ အဲဒီလို ညှိနှိုင်းဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော် အစိုးရကနေ လုပ်ဆောင်ပေးမယ်ဆိုရင် ဧပြီ ၁ ရက် ကချင်ပြည်နယ် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်မယ် လို့ ယုံကြည်ပါကြောင်း မတ်လ ၂၆ရက်နေ့က ကြေညာလိုက်တယ်။

ကြားဝင် ဆောင်ရွက်ချင်တဲ့ သဘောပေါ့။ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးက ကြေညာချက်နဲ့ ပတ်သက်လို့ ဒေါက်တာ သဘောထားက ဘယ်လိုရှိပါသလဲ။

“ကျနော့် သဘောထားက ရွေးကောက်ပွဲကို အဆင်ပြေပြေ သတ်မှတ်ထားတဲ့ အချိန်မှာပဲ  ကျင်းပ ပေးစေချင်တယ်။ ဒီလို ကျင်းပပေးနိုင်ဖို့ အတွက် လုပ်ဆောင်ကြိုးပမ်းမှု မှန်သမျှကို ကျနော့် အနေနဲ့ အကောင်းမြင်ပါတယ်။ ဘယ်ပုဂ္ဂိုလ် ဘယ်ပါတီကပဲ ဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ညှိနှိုင်းပြီးတော့ မှ ပြေလည်ရာ ပြေလည်ကြောင်း နည်းလမ်းရှာမယ် ဆိုတာကတော့ ကောင်းပါတယ်။ အပြုသဘောဆောင် တဲ့ လုပ်ငန်းစဉ်တွေကိုတော့ အကောင်းဘက်ကနေ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013