DVB Logo
Home
မြန်မာသတင်း
ကျောင်းသား ၂ ဦးအား အချက် ၅၀ ကျော် ရိုက်နှက်ခဲ့မှု ပညာရေးမှူးရုံးက စစ်ဆေး
DVB
·
October 1, 2017
ကျောင်းသား ၂ ဦးအား အချက် ၅၀ ကျော် ရိုက်နှက်ခဲ့မှု ပညာရေးမှူးရုံးက စစ်ဆေး
Donate to DVB

 

ကသာမြို့နယ်မှာ ကျောင်းသားနှစ်ယောက်ကို အချက် ၅၀ ကျော်ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးရုံးက ဒီနေ့ သွားရောက် စစ်ဆေးခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်က ကသာမြို့နယ်၊ ငါးလူးတုန်းရွာ အလယ်တန်းကျောင်းမှာ ၅ တန်းကျောင်းသား နှစ်ယောက် ရန်ဖြစ်ခဲ့တဲ့အတွက် ဆရာက ရိုက်နှက်ခဲ့တာပါ။

ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်စိုးက “ဒီနေ့ပဲ မြို့နယ်ပညာရေးမှူးရုံးနဲ့ အဖွဲ့က လာစစ်တယ်။ အခု ညနေအထိ စစ်နေတုန်းပါ။ ကလေးတယောက်က ၅၃ ချက် ရိုက်ခံရတယ် ပြောတယ်။ နောက်တယောက်ကတော့ ၂၅ ချက်လို့ ပြောပါတယ်။ ရိုက်တာကလည်း နှစ်တလက်မ သစ်ချောင်းနဲ့ပါ။ ကျနော်ကတော့ အဲဒီဆရာဟာ စိတ်မူမှန်မဟုတ်ဘူးလို့ သံသယရှိတဲ့ အကြောင်း ထွက်ဆိုခဲ့ပါတယ်။ အရင်ကလည်း ကယောင်ကတမ်း စကားတွေ ပြောဖူးတာကြောင့်ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းသားတယောက်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးရီက “ကလေးက အခုတော့ နေကောင်းနေတယ်။ ဆေးထိုး ဆေးလိမ်းပေးထားတယ်။ ဘာလုပ်ပေးစေချင်လဲ ဆိုတာတော့ မပြောတတ်ဘူး။ စိတ်မကောင်းဖြစ်တာပဲ သိတယ်” လို့ ပြောပါတယ်။

နောက်ကျောင်းသားတယောက်ကတော့ ကျောက်ကပ်ရောဂါနဲ့ သွေးရောဂါ ခံစားနေရသူ ဖြစ်တယ်လို့ သူ့မိခင်က ပြောပါတယ်။

“ကျမသား ဘာမှ ဆက်မဖြစ်ဘူးဆိုမှ ကျေအေးပေးမယ် ပြောလိုက်တယ်။ ကျမမှာ ကလေး ၂ ယောက်နဲ့ တယောက်တည်း ရုန်းကန်နေရတာကြောင့် ဆိုတော့ ကလေးတခုခုဖြစ်မှာကိုပဲ စိုးရိမ်နေတာ။ ကလေးက ကျောက်ကပ်မကောင်းတာနဲ့ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတာကတော့ ငယ်ငယ်က နေမကောင်းဖြစ်လို့ ဆရာဝန်ပြရင်း သူတို့က စစ်ဆေးပြီး ပြောလိုက်တာ။ သွေးသွင်းရတဲ့ အဆင့်တော့ မဟုတ်ပါဘူး။ ကလေးသက်သာရင်တော့ ကျေအေးပေးနိုင်တာပေါ့” လို့ မိခင်ဖြစ်သူ ဒေါ်မော်မော်စန်းက ပြောပါတယ်။

ဒီဖြစ်စဉ်တွေအပေါ်မှာ ပညာရေးမှူးရုံးက လာရောက်စစ်ဆေးတာသာ ဖြစ်ပြီး လတ်တလောမှာ ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးလို့ သိရတဲ့ အကြောင်း ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်စိုးက ပြောပါတယ်။

စက်တင်ဘာ နောက်ဆုံးပတ်က ရေတာရှည်မြို့က ဆရာမတယောက်က စာကျက်မလာတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဘောင်းဘီချွတ် အပြစ်ပေးခဲ့ပြီး ဆရာတွေ အနေနဲ့ ဆုံးမရာမှာ မရိုက်နှက်ဖို့၊ ကာယိနြေ္ဒပျက်အောင် မလုပ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အခြေခံ ပညာရေးဦးစီးရုံးက ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ကြည်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013