DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ပြန်လက်ခံမည့်အစီစဉ်နှင့်ပတ်သက်၍ မေးမြန်းချက်
DVB
·
October 1, 2017
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ပြန်လက်ခံမည့်အစီစဉ်နှင့်ပတ်သက်၍ မေးမြန်းချက်
Donate to DVB

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လက်ခံမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ဘင်္ဂလားဒေ့ရှ် ရောက်သွားကြသူတွေကို ပြန်ခေါ်ဖို့ ဘယ်လိုများ စီစဉ် ဆောင်ရွက်နေပါသလဲ။

ဖြေ- အခုတော့ သူတို့ ပြန်လာလိုကြောင်း လျှောက်လွှာစာရွက်တွေကို ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့ လုပ်နေပါတယ်။ အဲဒီဟာတွေကို သူတို့က ဖြည့်ပြီးတော့ နောက်တခုက မြန်မာနိုင်ငံထဲမှာ နေခဲ့ကြောင်း အထောက်အထားပေါ့။ ကျနော်တို့ ထုတ်ပေးထားတဲ့ NV (National Verification) ကတ်ဆို NV ကတ် မိတ္တူပေါ့။ ဒါမှမဟုတ် White Card (ယာယီနိုင်ငံသားစိစစ်ရေးကတ်ပြား) တွေ ပြန်အပ်ထား ပြီးတော့ ပေးထားတဲ့ ပြေစာ စာရွက်တွေရှိပါတယ်။ အဲဒီ ပြေစာမိတ္တူ တခုခုနဲ့ တွဲပြီးတော့ ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။

မေး-ဟုတ်ကဲ့။ အဲဒီ ကတ်တွေကရော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ရှိတဲ့သူ အားလုံးကိုရော ထုတ်ပေးခဲ့ပါသလား။

ဖြေ- အရင်တုန်းက White Card တုန်းကတော့ အကုန်လုံးပေးထားပြီးသားဗျ။ ပြန်အပ်ရင်လည်း ဖြတ်ပိုင်းတွေ ပေးထားတယ်။ အဲဒီဖြတ်ပိုင်း မိတ္တူပေါ့ ပြရင်ရတယ်။ ဖြတ်ပိုင်းတွေမှာ နံပါတ်တွေပါတယ်လေ။ အဲဒါတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ လက်ခံပေးမှာပါဗျ။

မေး-အခုလို ထွက်ပြေးတဲ့ အချိန်မှာ စာရွက်စာတမ်းမပါသွားသူတွေကိုရော စိစစ်လို့ ရနိုင်မလား။

ဖြေ- အဲဒါဆိုရင်တော့ သူတို့ဖြည့်ရမယ့် အကွက်ထဲမှာ ကျေးရွာနာမည်တို့၊ လိပ်စာတို့ ပါတယ်လေ။ ကျနော်တို့ဆီမှာ သုံးမျိုးစာရင်းကောက်ယူခြင်းလုပ်ငန်း (မြေပုံရေးဆွဲခြင်း၊ မြေပုံပေါ်တွင် အဆောက် အဦများတင်ခြင်းနှင့် လူဦးရေစစ်ဆေးခြင်းလုပ်ငန်း) တနှစ်တခါလုပ်ထားတာ ရှိတော့၊ သုံးမျိုးစာရင်း ကောက်ယူခြင်း လုပ်ငန်းဆိုတာ ပြောရမယ်ဆိုရင်တော့ အိမ်ထောင်စုစာရင်းကို ဓာတ်ပုံတွေနဲ့ တွဲပြီး စစ်ထားတာပေါ့။ အဲဒီမှာ သူတို့ရဲ့ ရပ်ကွက်တွေ၊ လိပ်စာတွေ အတိအကျပြောရင် အိမ်ထောင်စု စာရင်းကို ကျွန်တော်တို့ရှာပြီးတော့ အိမ်ထောင်စု စာရင်းက ဓာတ်ပုံနဲ့ နာမည်နဲ့ တိုက်ပြီးတော့ စစ်ဆေး လက်ခံပေးလို့ ရပါတယ်ခင်ဗျ။

မေး-သူတို့ဘက်က လျှောက်လွှာရပြီဆိုရင် စစ်ဆေးဖို့ အချိန်ကာလ ဘယ်လောက်များ ကြာနိုင်ပါသလဲ။

ဖြေ- သူတို့ မြန်မြန် ဖြည့်ပြီး မြန်မြန်ပို့လိုက်ရင် နိုင်ငံတော်က ဖွဲ့ပေးတဲ့ စိစစ်လက်ခံရေး အဖွဲ့ကလည်း မြန်မြန်စစ်ပြီးတော့ အရည်အချင်းကိုက်ညီတဲ့ သူရဲ့နာမည်စာရင်းတွေ ကျနော်တို့ ထုတ်ပြန်မှာပါ။ ထုတ်ပြန်ပြီးတာနဲ့ ဒီမှာ သူတို့ လာလို့ရပါပြီဗျ။ သူတို့ မြန်မြန်ဖြည့်ပြီးတော့ အချက်အလက် အပြည့်အစုံ နဲ့ ပြန်ပို့ဖို့ပဲ လိုပါတယ်။

မေး- ပြန်လာမယ့် သူတွေကို ဒီဘက်မှာ လက်ခံဖို့ နေရာနှစ်ခုမှာ စခန်းနှစ်ခု ဖွင့်မယ်လို့ သိရပါတယ်။ ဒီစခန်းတွေမှာ ဘယ်ဌာနတွေ တာဝန်ယူမလဲ။

ဖြေ- ဌာနဆိုင်ရာ ပေါင်းစုံပါမယ်။ အကြမ်းဖျင်းကတော့ စိစစ်ရေးအဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်ပါမယ်။ ပြည်ထဲရေးက ထွေအုပ်က ကိုယ်စားလှယ်တွေပါမယ်။ လဝက ကိုယ်စားလှယ်တွေပါမယ်။ လူကယ်ပြန်က ကိုယ်စားလှယ် တွေပါမယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိစစ်ဖို့ လိုတဲ့အတွက် ကျန်မာရေးက ကိုယ်စားလှယ် တွေပါမယ်။ ကြက်ခြေနီလို အဖွဲ့တွေလည်း ပါမှာပါ။

  မေး- ဟုတ်ကဲ့ပါ။ ဒီလို စိစစ်တာမှာ ဘယ်လောက်အထိ တိကျနိုင်မလဲ ပြောပြပေးပါလား။

ဖြေ-သူတို့မှာ ဘာစာရွက်စာတမ်းမှ မပါသွားဘူးဆိုရင် ဒီမှာ ရှိတဲ့ သုံးမျိုးစာရင်းကောက်ယူခြင်း လုပ်ငန်းနဲ့ မှတ်တမ်းတင်ထားတဲ့ အိမ်ထောင်စုစာရင်းနဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ မိသားစု ဓာတ်ပုံတွေပါ။ အဲဒီဟာတွေနဲ့ တိုက်ဆိုင်ပြီးတော့ သူတို့ပြောတဲ့ နာမည်၊ ရပ်ကွက်နဲ့ တိုက်ဆိုင် စစ်ဆေးပါမယ်။ လူလာတဲ့ အချိန်ကျရင် ဓာတ်ပုံနဲ့ လူနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ ဆောင်ရွက်ပေးလို့ရပါတယ်။ သူတို့သာ အထောက်အထားတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ဖြည့်ပြီး ပို့ပေးရင်တော့ မြန်မယ်။ အထောက်အထား မပြည့်စုံဘူးဆိုရင်တော့ ကြာမယ်။ အဲလိုတော့ ရှိပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကြော့ပြန်ဖြစ်ပွားတဲ့ အစွန်းရောက် အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပ်စွန့်ခွာလာသူပေါင်း ၄ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013